Laureus Awards ဆုပေးပွဲမှာ အကောင်းဆုံး အားကစားသမားဆုများကို ဂျိုကိုဗစ်နဲ့ ဘိုင်းစ်တို့ ရရှိပြီး တစ်သက်တာဂုဏ်ပြုဆုအတွက် အာစင်ဝင်းဂါး ဂုဏ်ပြုခံရ

Laureus Awards ဆုပေးပွဲမှာ အကောင်းဆုံး အားကစားသမားဆုများကို ဂျိုကိုဗစ်နဲ့ ဘိုင်းစ်တို့ ရရှိပြီး တစ်သက်တာဂုဏ်ပြုဆုအတွက် အာစင်ဝင်းဂါး ဂုဏ်ပြုခံရ
Photo: AFP

2019 Laureus World Sports Awards ဆုပေးပွဲကို မိုနာကိုမြို့မှာ တနင်္လာနေ့က ခမ်းနားထည်ဝါစွာ ကျင်းပခဲ့ရာ တစ်နှစ်တာအကောင်းဆုံးအမျိုးသားအားကစားသမားဆုကို ပြီးခဲ့တဲ့ နှစ်က ဒဏ်ရာကနေ ပြန်လာပြီး ဂရင်းစလင်းဆုဖလား ၂ လုံး ဆွတ်ခူးခဲ့တဲ့ ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်က ရရှိခဲ့ပါတယ်။

အသက် ၃၁ နှစ်အရွယ် ဆားဘီးယားတင်းနစ်ကစားသမားဟာ တံတောင်ဆစ်ခွဲစိတ်ကုသမှုခံယူခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်အတွင်း အဓိကဂရင်းစလင်းဆုဖလားတွေဖြစ်တဲ့ ဝင်ဘယ်လ်ဒန်နဲ့ ယူအက်စ်အိုးပင်ပြိုင်ပွဲတို့မှာ ချန်ပီယံဖြစ်ခဲ့သလို ဇန်နဝါရီလအတွင်းက ယှဉ်ပြိုင်ကစားတဲ့ သြစတြေးလျအိုးပင်ပြိုင်ပွဲမှာလည်း ဗိုလ်စွဲခဲ့ပါတယ်။

၂၀၁၉ ခုနှစ် Laureus Awards ဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသားအားကစားသမားဆု (Sportsman of the Year)ကို ဂျိုကိုဗင်က မိုဒရစ်၊ ဘာပေ၊ ဟာမီလ်တန်နဲ့ လီဘရွန်ဂျိမ်းစ်တို့ကို ကျော်ဖြတ်ကာ ၄ ကြိမ်မြောက် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

အကောင်းဆုံးအမျိုးသမီးအားကစားသမားဆု (Sportswoman of the Year)ကို အမေရိကန်ကျွမ်းဘားမယ် ဆီမွန်ဘိုင်းစ်က ရရှိခဲ့ပြီး အကောင်းဆုံးအားကစားအသင်းဆုကို ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်လက်ရွေးစင်အသင်းက ရရှိခဲ့ပါတယ်။

တစ်သက်တာဂုဏ်ပြုဆု (Laureus World Sports Lifetime Achievement Award)အတွက် အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးကို ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

နာမည်ကျော် ဂေါက်သီးကစားသမား တိုက်ဂါးဝုဒ်က အကောင်းဆုံးပြန်လည်တောက်ပလာနိုင်တဲ့ အားကစားသမားဆု (Comeback of the Year)ကို ရရှိခဲ့ပြီး အကောင်းဆုံးထိုးထွက်လာတဲ့ အားကစားသမားဆု(Breakthrough of the Year) ကို ဂျပန်တင်းနစ်မယ် အိုဆာကာက ရရှိခဲ့ပါတယ်။

Laureus World Sports Awards ဆုပေးပွဲကို ၂၀၀၀ ခုနှစ်ကစပြီး အဓိကဆုအမျိုးအစား ၇ ခုကို နှစ်စဉ် ရွေးချယ်ချီးမြှင့်ပေးနေတာဖြစ်ပြီး ဒီနှစ်မှာတော့ ဆုအမျိုးအစား ၁၂ ခုအထိ တိုးပြီး ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

2019 Laureus World Sports Awards ဆုရှင်များ

Sportsman of the Year - Novak Djokovic
Sportswoman of the Year - Simone Biles
Laureus World Sports Lifetime Achievement Award - Arsene Wenger
Comeback of the Year - Tiger Woods
Breakthrough of the Year - Naomi Osaka
Action Sportsperson - Chloe Kim
Sportsperson with Disability - Henrieta Farkasova
Spirit of Sport Award - Lindsey Vonn
Sporting Moment - Xia Boyu
Sport for Good Award - Yuwa-India
Team of the Year - France national football team
Exceptional Achievement - Eliud Kipchoge

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly