ရာသီမရွေး သွားလာနိုင်သည့်ကျေးလက်လမ်းများ ပိုမိုဖောက်လုပ်ပေးရန် အဆိုတင်

ရာသီမရွေး သွားလာနိုင်သည့်ကျေးလက်လမ်းများ ပိုမိုဖောက်လုပ်ပေးရန် အဆိုတင်

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈ ။              ။ မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် ကျေးလက်လမ်း မဟာဗျူဟာရည်မှန်းချက်ဖြစ်သည့် ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံတွင်းရှိကျေးရွာများအားလုံး၏ ၉၀ ရာခိုင်နှုန်းတွင် ရာသီမရွေးသွားလာနိုင်သည့်လမ်းများ အသုံးပြုနိုင်ရန် စီစဉ်ထားသည့်အတွက် ကျေးလက်လမ်းများကိုပိုမိုဖောက်လုပ်ပးရန် အဆိုတစ်ရပ်ကို ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်၊ ပြည်သူ့လွှတ်တော်တွင် မင်းတပ်မဲဆန္ဒနယ်မှ ဦးနေလင်းအောင်က တင်သွင်းခဲ့သည်။

“ကျေးရွာခြင်းဆက်လမ်းများ ဆက်သွယ်ရေး ကောင်းမွန်မှုမရှိခြင်းဟာ ကုန်သွယ်ရေးအတွက် အဟန့်အတား ဖြစ်စေသော အဓိကကျတဲ့အချက်ဖြစ်ပါတယ် ”ဟု ၄င်းက အဆိုတင်သွင်းရာတွင် ပြောသည်။

ကျေးလက်လမ်းမိုင်ပေါင်း ခြောက်သောင်းခန့်ရှိသည့်အနက် ရာသီမရွေးသွားလာနိုင်သည့် ကွန်ကရစ်(သို့) ကတ္တရာလမ်းသည် ၆ ရာခိုင်နှုန်း၊ ကျောက်စရစ်(သို့) မြေနီလမ်း ၂၈ ရာခိုင်နှုန်း၊ မြေသားလမ်း ၆၅ ရာခိုင်နှုန်း ရှိပြီး ကျေးရွာများ၏ ၅ ပုံ ၁ ပုံခန့်သည် လမ်းများနှင့်ဆက်သွယ်ထားခြင်းမရှိဘဲ နွေရာသီရောက်မှသာ သွားလာနိုင်သည့်လမ်းများ ဖြစ်သည်ဟု ဦးနေလင်းအောင်က ဆက်လက်ပြောသည်။

“ခြုံငုံပြီး ပြောရမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ လူဦးရေ ၁၅ သန်းကျော်ဟာ ရာသီမရွေးသွားလာနိုင်တဲ့လမ်းများ မရှိခြင်းကြောင့် တစ်နှစ်ပတ်လုံးဖြစ်စေ၊ တစ်စိတ်တစ်ဒေသဖြစ်စေ ခွဲခြားခြင်း ခံနေရပါတယ်ခင်ဗျာ။ ဒီလို အခြေအနေမျိုးဟာ တိုင်းရင်းသား ဒေသတွေမှာ အများ ဆုံးဖြစ်ပေါ်နေတာ”ဟု ၄င်းက ဆက်လက် ပြောသည်။

မြို့ပြနှင့်ကျေးလက် ဖွံ့ဖြိုးမှုသည် ကွာဟချက် ကြီးမားခြင်းမရှိဘဲ ဟန်ချက်ညီညီ ဖွံ့ဖြိုးရန် လိုအပ်ကာ တိုင်းဒေသကြီးပြည်နယ်များ၏ လမ်းပန်းဆက်သွယ်ရေးဖွံ့ဖြိုးမှုသည် ကွာဟချက်မများရန် လိုကြောင်း၊ နာဂတိုင်းရင်းသားဒေသများအပါအဝင် ဒေသများ အဆင့်မြှင့်တင်ပေးရန်  ၄င်းက ဆိုသည်။

ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့က ပြည်သူ့လွှတ်တော်အစည်းအဝေးတွင်း “လမ်းပန်းဆက်သွယ်ရေး ဖွ့ံဖြိုးမှု နည်းပါးသည့် မြို့နယ်များအပါအဝင် တိုင်းရင်းသားများနေထိုင်သည့် ပြည်နယ်များတွင် ကျေးရွာချင်းဆက် လမ်းများအား အလေးထားပြီး ပိုမိုဖောက်လုပ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို ဦးနေလင်းအောင်က တင်သွင်းရာတွင် ပြောခဲ့ခြင်းဖြစ်သည်။

၄င်း တင်သွင်းသည့်အဆိုကို ရှမ်းပြည်နယ် သန္နီမဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်းက ထောက်ခံဆွေးနွေးကာ ပြည်သူ့လွှတ်တော်တွင် လက်ခံဆွေးနွေးရန ်လွှတ်တော်မှ ဆုံးဖြတ်ခဲ့ကာ ဆွေးနွေးမည့် လွှတ်တေ်ာကိုယ်စားလှယ် ရှိပါက လာမည့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ အင်္ဂါနေ့ ညနေထိ နောက်ဆုံးထားကာ စာရင်းပေးသွင်းသွားရမည်ဖြစ်သည်။

"အဓိကကတော့ မြန်မာနိုင်ငံမှာ အချို့သောမြို့တွေက ကျေးလက်လမ်းတွေက အားလုံးလိုတယ်။ ဒါပေမယ့် အချို့သောနေရာတွေက ပိုပြီးတော့ လိုတဲ့နေရာတွေ ရှိတယ် ။ ဒါကြောင့် ပိုပြီးတော့ လိုတဲ့နေရာတွေနဲ့ ဒီ တိုင်းရင်းသားတွေ အများစုနေထိုင်တဲ့ ပြည်နယ်တွေအတွက် ဒါ ပထမဦးဆုံး စတင်ပြီးတော့ လုပ်ကိုင် ဆောင်ရွက်စေချင်တဲ့ ဆန္ဒနဲ့ တိုင်းရင်းသားတွေရဲ့ လူမှုစီးပွားဘဝတွေ ဖွ့ံဖြိုးတိုးတက်လာစေချင်တဲ့ ၊ ပြည်သူ၊ ပြည်သားတွေရဲ့ လူမှုစီးပွားဘဝတွေ ဖွံ့ ဖြိုးတိုးတက်လာစေချင်တဲ့ ဆန္ဒနဲ့တင်ခြင်း ဖြစ်ပါတယ်"ဟု ၄င်းက အစည်းအဝေးအပြီးတွင် အဆိုတင်သွင်းရခြင်းနှင့်ပတ်သက်ပြီး မီဒီယာများကို ပြောသည်။

မြန်မာနိုင်ငံရှိ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများဖြစ်ပြီး ၃၀ ရာခိုင်နှုန်းသည် မြို့ပြတွင် နေထိုင်သောလူများ ဖြစ်ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly