ရုံးစာရေးအလုပ်နေရာအတွက် လာဘ်စားသည့် အုပ်ချုပ်ရေးမှူးကို အမှုဖွင့်

ရုံးစာရေးအလုပ်နေရာအတွက် လာဘ်စားသည့် အုပ်ချုပ်ရေးမှူးကို အမှုဖွင့်

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၈ ။              ။ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် တာဝန်ထမ်းဆောင်ရန် ခေါ်ယူသည့် စာရေးအလုပ်နေရာအတွက် လာဘ်စားခဲ့သည့် သာယာဝတီမြို့နယ် အုပ်ချုပ်ရေးမှူးကို အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်အရေးယူထားသည်ဟု ကော်မရှင်မှ ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

သာယာဝတီမြို့နယ်အုပ်ချုပ်ရေးမှူးသည် အလုပ်နေရာ ခန့်ထားပေးရန်အတွက် တိုင်ကြားသူထံမှ ငွေကျပ်(၁၀) သိန်း ရယူခဲ့သော်လည်း အလုပ်နေရာမခန့်ထားပေးခြင်းကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ထံသို့ တိုင်ကြားခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းအတွက်ကြောင့် ကော်မရှင်မှ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာတွင် သာယာဝတီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွေး သည် လစ်လပ်နေသည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး စာရေးရာထူး အလုပ် ခန့်ထားပေးရန် အတွက် ငွေကျပ်(၁၀)သိန်းကို တိုင်ကြားသူထံမှရယူခဲ့ခြင်းဖြစ်သည်ကို စစ်ဆေးတွေ့ရှိ ခဲ့ရသည်ဟု ကော်မရှင်က ဆိုသည်။

ယင်းအတွက် ရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး အဂတိလိုက်စားမှုကျူးလွန်ခဲ့ခြင်းကြောင့် ဦးကျော်မင်းထွေး ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ဖြင့် သာယာဝတီမြို့မရဲစခန်းတွင် အမှုဖွင့်ပြီး အရေးယူ နိုင်ရန် ဆောင်ရွက်နေသည်ဟု  ကော်မရှင်က ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ သည် ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်သည်။
   

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly