အတိုက်အခံခေါင်းဆောင်ဖက်က ရပ်တည်ဖို့ ဗင်နီဇွဲလား စစ်တပ်ကို ထရမ့် တိုက်တွန်း

အတိုက်အခံခေါင်းဆောင်ဖက်က ရပ်တည်ဖို့ ဗင်နီဇွဲလား စစ်တပ်ကို ထရမ့် တိုက်တွန်း
Photo: AFP

မီယာမီ၊ ဖေဖော်ဝါရီ ၁၉ ။      ။ ဗင်နီဇွဲလားစစ်တပ်အနေနဲ့ အတိုက်အခံခေါင်းဆောင် ဂွါဒိုရဲ့ ပြေလည်ရာပြေလည်ကြောင်း ကမ်းလှမ်းမှုကို လက်ခံရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့မှာ ပြေဆိုတိုက်တွန်းပါတယ်။

ဂွါဒိုရဲ့ ကမ်းလှမ်းမှုကို လက်မခံခဲ့ရင် အရာအားလုံး ဆုံးရှုံးမှုဆီ ဆိုက်ရောက်သွားမယ်လို့လည်း ၎င်းက ဆိုပါတယ်။

“ဒီကနေ့မှာ ဗင်နီဇွဲလားသမ္မတ မာဒူရိုဖက်ကနေ ရပ်တည်ကူညီနေကြသူအားလုံးကို သတင်းစကားပါးလိုပါတယ်။ တစ်ကမ္ဘာလုံးရဲ့ မျက်လုံးတွေက ခင်ဗျားတို့ကို စောင့်ကြည့်နေတယ်။ နေ့တိုင်းနေ့တိုင်း စောင့်ကြည့်နေပြီး အနာဂတ်မှာလည်း စောင့်ကြည့်နေဦးမှာဖြစ်တယ်။”လို့ ထရမ့်က ဆိုပါတယ်။

“ခုချိန်မှာ ခင်ဗျားတို့ ရင်ဆိုင်နေရတဲ့ အခြေအနေက ရွေးချယ်စရာတွေကို ခင်ဗျားတို့ မသိကျိုးကျွန်း ပြုလုပ်မရပါဘူး။ ရှေ့ကာလတွေမှာ မိသားစုတွေ၊ နိုင်ငံသားတွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်သွားနိုင်မယ့် ဂွါဒိုရဲ့ ကမ်းလှမ်းမှုတွေကို ခင်ဗျားတို့ ရွေးချယ်စရာ ရှိနေတယ်။”လို့ ၎င်းက ပြောပါတယ်။

“ဒါမှ မဟုတ်ရင်တော့ ဒုတိယလမ်းကြောင်းလည်း ရှိထားတယ်။ မာဒူရိုကို ဆက်လက်ထောက်ခံနေဖို့ပဲ။ ဒီလမ်းကြောင်းကို ရွေးချယ်တယ်ဆိုရင်တော့ ခင်ဗျားတို့အနေနဲ့ မလုံခြုံမှုကို တွေ့လိမ့်မယ်။ အေးအေးဆေးဆေး နေရမှာ မဟုတ်သလို အရာအားလုံး ဆုံးရှုံးရမှာ ဖြစ်တယ်။”လို့ ထရမ့်က ပြောခဲ့ပါတယ်။

ဗင်နီဇွဲလားနိုင်ငံမှာ စီးပွားရေးအကျပ်အတည်းတွေနဲ့ အကျင့်ပျက်ခြစားမှုတွေကြောင့် နိုင်ငံရေးချောက်ကမ်းပါး ရောက်နေပြီး အတိုက်အခံခေါင်းဆောင် ဂွါဒိုက ၎င်းကိုယ်ကို ကြားဖြတ်သမ္မတအဖြစ် ကြေညာထားပြီး အနောက်အုပ်စုနိုင်ငံတွေကလည်း အသိအမှတ်ပြုထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly