မန်ယူအသင်းကို ဝယ်ယူမယ်ဆိုတဲ့ သတင်းတွေကို ဆော်ဒီအာရေဗျမင်းသား ငြင်းဆန်

မန်ယူအသင်းကို ဝယ်ယူမယ်ဆိုတဲ့ သတင်းတွေကို ဆော်ဒီအာရေဗျမင်းသား ငြင်းဆန်
Photo: AFP

ဆော်ဒီအာရေဗျနိုင်ငံရဲ့ အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ဝယ်ယူဖို့ ပေါင် ၃.၈ ဘီလီယံနဲ့ ကမ်းလှမ်းနေတယ်ဆိုတဲ့ သတင်းတွေကို မင်းသားရဲ့ ပြန်ကြားရေးဝန်ကြီးက ငြင်းဆန်သွားခဲ့ပါတယ်။

လက်ရှိ မန်ယူအသင်းပိုင်ရှင် ဂလေဇာမိသားစုက အအသင်းကို ရောင်းချဖို့ စိတ်ဝင်စားခြင်း မရှိပေမယ့်လည်း ဆော်ဒီမင်းသား ဘင်ဆယ်လ်မန်ရဲ့ ဝယ်ယူဖို့ စိတ်ဝင်စားတယ်ဆိုတဲ့ ကောလာဟလတွေ ပြီးခဲ့တဲ့ရက်ပိုင်းက ပြန်ထွက်ပေါ်လာခဲ့တာပါ။

ယူနိုက်တက်ရဲ့ အမေရိကန်ပိုင်ရှင်တွေဟာ ကလပ်အသင်းကို ၂၀၀၅ ခုနှစ်၊ မေလပိုင်းက ပေါင်သန်း ၇၉၀ နဲ့ ဝယ်ယူထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဂလေဇာမိသားစုကသာ ကမ်းလှမ်းမှုကို လက်ခံလာပါက ပေါင် ၂.၂ ဘီလီယံအထိ အကျိုးအမြတ် ရရှိနိုင်ခြေရှိနေပါတယ်။

"မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်က မန်ချက်စတာယူနိုက်အသင်းကို ဝယ်ယူဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေဟာ လုံးဝ အမှားကြီးပါ။"လို့ ပြန်ကြားရေးဝန်ကြီး တူရကီအယ်လ်ရှာဘားနားက ပြောပါတယ်။

"မန်ချက်စတာယူနိုက်တက်က စပွန်ဆာရရှိရေး အခွင့်အလမ်းတစ်ခုအတွက် ဆွေးနွေးဖို့ ဆော်ဒီ အများပိုင့်ငွေကြေးရင်းနှီးမြှပ်နှံမှုအဖွဲ့နဲ့ တွေ့ဆုံခဲ့တာပါ။ ဘာသဘောတူညီမှုမှ မရှိသေးပါဘူး။"

အသက် ၃၃ နှစ်အရွယ် ဘင်ဆယ်လ်မန်ဟာ ၂၀၁၇ ခုနှစ်၊ ဇွန်လက ဆော်ဒီအာရေဗျအိမ်ရှေ့မင်းသားအဖြစ် တင်မြှောက်ခံထားရသူဖြစ်ပါတယ်။

ဘင်ဆယ်လ်မန်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း မန်ယူကို ဝယ်ယူရန် စီစဉ်ခဲ့သေးပါတယ်။ 

ဒါပေမယ့် အဲဒီအချိန်က တူရကီနိုင်ငံက ကောင်စစ်ဝန်ရုံးထဲမှာ ဝါရှင်တန်ပို့စ်သတင်းထောက်ဖြစ်သူ ဂျမဲခါရှိုဂီကို သတ်ဖြတ်မှုအတွက် အဓိကစေခိုင်းသူအဖြစ် စွပ်စွဲခံရပြီး နိုင်ငံတကာဖိအားများ များပြားခဲ့တာကြောင့် မန်ယူကို ဝယ်ယူမယ့် အစီအစဉ်ကို ဆိုင်းငံ့ခဲ့ရသူဖြစ်ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly