တက္ကစီအငှားယာဉ်မောင်းများထံမှ လုယက်သူများကို အဆင့်ဆင့် ဖော်ထုတ်ဖမ်းဆီး

တက္ကစီအငှားယာဉ်မောင်းများထံမှ လုယက်သူများကို အဆင့်ဆင့် ဖော်ထုတ်ဖမ်းဆီး
ဓာတ်ပုံ - Yangon Police

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ။            ။ ရန်ကုန်တိုင်းဒေသကြီး မောင်းမကန်လမ်းနှင့် အနော်ရထားလမ်းကြား မှောင်ရိပ်တွင် အငှားယာဉ်မောင်များထံမှ ဖုန်းနှင့် ငွေကြေးများ လုယက်နေကြသူများကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က အဆင်ဆင့်စစ်ဆေးကာ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး၏ ကြီးကြပ်မှုဖြင့် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များသည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် လုယက်မှုများ ကျူးလွန်ထားကြောင်း သတင်းရရှိထား သည့်  ဒဂုံတောင်မြို့နယ်၊ (၁၇)ရပ်ကွက်၌ နေသူများဖြစ်သော အောင်မျိုးဦး (ခ)စကေး(၂၀)နှစ်၊ မြင့်ဝင်း(ခ) ညိုကြီး(၂၀)နှစ်နှင့် သီဟနောင်(ခ)မဟာထွန်း(၁၉)နှစ်တို့အား ဖမ်းဆီးစစ်ဆေးခဲ့ရာ ၎င်းတို့နှင့်အတူ ပြစ်မှု ကျူးလွန််သူ ဒဂုံတောင်မြို့နယ်၊ (၁၇)ရပ်ကွက်နေသူ သန့်ဇင်ဖြိုး(ခ) မှန်ကြီး(ခ) ကုလား (ခ) လေးလုံး (၁၉)နှစ်အား နတ်စင်လမ်းမီးပွိုင့်နှင့် အမှတ်(၂)လမ်းမ ပေါ်တွင်ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထပ်မံဖမ်းဆီးရမိသော သန့်ဇင်ဖြိုး(ခ) မှန်ကြီး(ခ)ကုလား(ခ)လေးလုံးအား ထပ်မံစစ်မေးရာ ၎င်းနှင့်ပြစ်မှု ကျူးလွန် ရာတွင် ပါဝင်သော ဒဂုံတောင်မြို့နယ်၊ (၁၇)ရပ်ကွက်တွင် နေထိုင်သော နန်းဦးလှိုင်(ခ) ဘူးကြီး (၁၇)နှစ်၊ သန်းအောင်ဝင်း(ခ) ကျော်ကြီး(၁၇)နှစ်တို့(၂)ဦးအား မွန်းလွဲ ၃နာရီအချိန်တွင် လည်းကူးမြို့နယ်၊ တာဆုံတွင်လည်းကောင်း၊ စောသာမလာဆေး (ခ)မောင်ချစ်(၁၈)နှစ်၊ အေးမင်းသန့်(ခ)ကိုခန့်(၁၈)နှစ်နှင့် ကျော်လင်းထူး (ခ)ဆန်နီ(၁၇)နှစ်(၃)ဦးအား ည ရနာရီ  အချိန်တွင် ပုဇွန်တောင်မြို့နယ်၊ အောက်ပုဇွန်တောင် လမ်းမပေါ်တွင် လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများထဲမှ သန့်ဇင်ဖြိုး(ခ)မှန်ကြီး(ခ)ကုလား(ခ)လေးလုံး အပါအဝင်(၉)ဦးအား အသေးစိတ် စစ်ဆေးခဲ့ရာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလအတွင်းက မြင့်ဝင်း(ခ)ညိုကြီးသည် ဒဂုံမြောက်မြို့နယ်၊ ပင်လုံ အိမ်ယာ၊ ပင်လုံတံတားအနီးတွင် ရပ်နေသော မိန်းမလျာတစ်ဦးထံမှ Oppo A33W အမျိုးအစား ဖုန်း(၁)လုံးကို လည်းကောင်း အောင်မျိုးဦး(ခ)စကေး၊ သန့်ဇင်ဖြိုး(ခ)မှန်ကြီး(ခ)ကုလား(ခ)လေးလုံးနှင့် နန်းဦးလှိုင်(ခ) ဘူကြီးတို့(၃)ဦးသည် ၂၀၁၉ခုနှစ် ဇန်နဝါရီလအတွင်းက ဒဂုံ မြောက်မြို့နယ်၊ (၁၆)ရပ်ကွက်၊ မောင်းမကန် လမ်းနှင့် အနော်ရထာလမ်းကြားရှိ အိမ်ယာဝန်း မှောင်ရိပ်တွင် တက္ကစီ ယာဉ်မောင်းတစ်ဦးကို ဓါးထောက်၍ HUAWEI အမျိုးအစား ဖုန်း(၁)လုံးကိုလည်းကောင်း စောသာမလာဆေး(ခ)မောင်ချစ်၊ ကျော်လင်းထူး (ခ) ဆန်နီ (၂)ဦးသည် ဒဂုံမြောက်မြို့နယ်၊ (၁၆)ရပ်ကွက်၊ မောင်းမကန်လမ်းနှင့်အနော်ရထားလမ်းကြားရှိ အိမ်ယာ ဝန်း မှောင်ရိပ်တွင် တက္ကစီအငှား ယာဉ်မောင်းတစ်ဦးအား ဓါးထောက်၍ Mi အမျိုးအစား ဖုန်း(၁)လုံး၊ လေးထောင့်ပုံစတီးလက်ပတ်နာရီ(၁)လုံး၊ ငွေရောင်ဟမ်းချိန်(၁)ခုကိုလည်းကောင်း လုယက်ခဲ့ကြကြောင်း သိရသည်။

ထို့အပြင် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် နန်းဦးလှိုင် (ခ) ဘူကြီး၊ စောသာမလာဆေး (ခ) မောင်ချစ်၊ အေးမင်းခန့်(ခ)ကိုခန့်နှင့် ကျော်လင်းထူး(ခ) ဆန်နီတို့(၄)ဦးသည် ဒဂုံမြောက်မြို့နယ်၊ (၁၆)ရပ်ကွက်၊ မောင်းမကန်လမ်းနှင့် အနော်ရထားလမ်းကြား မှောင်ရိပ်တွင် တက္ကစီအငှား ယာဉ်မောင်းတစ်ဦးအား ဓါးထောက်၍ Mi အမျိုးအစား ဖုန်း(၁)လုံး၊ ငွေ(၂၈၀၀၀) ကျပ်ကိုလည်းကောင်း၊  အောင်မျိုးဦး(ခ)စကေး၊ သန့်ဇင်ဖြိုး(ခ) မှန်ကြီး(ခ)ကုလား (ခ) လေးလုံးနှင့် သန်းအောင်ဝင်း (ခ)ကျော်ကြီးတို့(၃)ဦးသည် ဒဂုံမြောက် မြို့နယ်၊ (၁၆)ရပ်ကွက်၊ မောင်းမကန် လမ်း နှင့် အနော်ရထားလမ်းရှိ အိမ်ယာဝန်းမှောင်ရိပ်တွင် တက္ကစီအငှား ယာဉ်မောင်း တစ်ဦးအား ဓါးထောက်၍ SAMSUNG အမျိုးအစား ဖုန်း(၁)လုံး၊ ငွေ(၃၀၀၀၀)ကျပ်တို့အား အသီးသီးလုယက်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ပါသည်။

 စစ်ဆေးပေါ်ပေါက်ချက်အရ သက်သေခံပစ္စည်းများပြန်လည် သိမ်းဆည်းပြီး ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့် အညီအရေးယူဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၁၈ရက် ညနေပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly