မြန်မာလက်ရွေးစင် ယူ ၂၂ အသင်း၏ အုပ်စုအဖွင့်ပွဲ သရေတစ်မှတ်သာရရှိ

မြန်မာလက်ရွေးစင် ယူ ၂၂ အသင်း၏ အုပ်စုအဖွင့်ပွဲ သရေတစ်မှတ်သာရရှိ
ဓာတ်ပုံ - MFF

ဖေဖော်ဝါရီလ ၁၈ ။           ။ မြန်မာလက်ရွေးစင် ယူ ၂၂ အသင်းသည် AFF U-22 Championship 2019 ပြိုင်ပွဲ အုပ်စု (ခ)၏ အဖွင့်ပွဲစဉ် အဖြစ် အင်ဒိုနီးရှား ယူ-၂၂ အသင်းနှင့် ယှဉ်ပြိုင်ခဲ့ရာ တစ်ဖက် တစ်ဂိုးစီ ရလဒ်သာ ထွက်ပေါ်လာခဲ့သည်။

ကမ္ဘောဒီယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ The National Olympic Stadium ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော အဆိုပါ ပွဲစဉ်တွင် မြန်မာအသင်းအနေဖြင့် ဦးဆောင်ဂိုးရရှိအောင် စွမ်းဆောင်နိုင်ခဲ့သော်လည်း အနိုင်ရလဒ်ကို ထိန်း ထားနိုင်ခြင်း မရှိသောကြောင့် အင်ဒိုနီးရှားအသင်း၏ ခြေပဂိုးကို ခွင့်ပြုခဲ့ရခြင်း ဖြစ်သည်။

မြန်မာလက်ရွေးစင် အသင်းအနေဖြင့် ပွဲကစားစဉ်တစ်လျှောက်တွင် အင်ဒိုနီးရှား အသင်းဘက်သို့ တိုက်စစ် ဆင်မှုများ လုပ်နိုင်ခဲ့သော်လည်း အင်ဒိုနီးရှား အသင်း၏ တန်ပြန်တိုက်စစ်ကို ကောင်းမွန်စွာ မထိန်း နိုင်ခဲ့ခြင်းကြောင့် ချေပဂိုးကို ပြန်ပေးခဲ့ရခြင်း ဖြစ်သည်။

“အဖွင့်ပွဲရလဒ်အပေါ် ကျေနပ်ပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ကပဲ လွှမ်းမိုးထားနိုင်ခဲ့ပြီး ဦးဆောင်ဂိုးလည်း သွင်းနိုင်ခဲ့ ပါတယ်။ ပြီးမှသာ ချေပဂိုး ပြန်ပေးလိုက်ရတာပါ။ ဒီအသင်းကို ပြီးခဲ့တဲ့ နှစ်ပိုင်းလောက်ကမှ ရန်ကုန် မှာ ၇-၁ ဂိုးနဲ့ ရှုံးထားတာကို ကျွန်တော်တို့ မမေ့သင့်ပါဘူး။ ဒီလူငယ်လေးတွေရဲ့ စွမ်းဆောင်ရည်ကို ကျေနပ် မိပါတယ်။ကမ္ဘောဒီးယားနဲ့ ပွဲအတွက်လည်း သေချာပြင်ဆင်သွားမှာပါ။ အိမ်ရှင်အသင်း ဖြစ်နေတဲ့အပြင် ကျွန်တော်တို့အနေနဲ့ ပြိုင်ဘက်တိုင်းကို အလေးထားတဲ့အတွက် အာရုံစူးစိုက်ပြီး ပြင်ဆင်သွားမှာပါ။”လို့ မြန်မာလက်ရွေးစင်ယူ-၂၂ အသင်းနည်းပြချုပ် ဗယ်လစ်ဇာပိုပေါ့ ကပြောသည်။

 မြန်မာလက်ရွေးအသင်း အနေဖြင့် ပွဲကစားချိန် ၁၃ မိနစ်အရောက်တွင် ကွင်းလယ်ကစားသမား မြတ် ကောင်းခန့် က အဖွင့်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပြီး ပွဲချိန် ၃၈ မိနစ်အရောက်တွင် အင်ဒိုနီးရှား အသင်း၏ တန်ပြန်တိုက်စစ်ကို မြန်မာနောက်တန်းကစားသမားမထိန်းချုပ်နိုင်ခြင်းကြောင့် ချေပဂိုးကို ခွင့်ပြုခဲ့ရခြင်း ဖြစ်သည်။

ဒုတိယပိုင်း ဆက်လက်ယှဉ်ပြိုင်ချိန်တွင် မြန်မာအသင်း အနေဖြင့် ကွင်းလယ်ထိန်းချုပ်မှုရအောင် ကစားခဲ့ သော်လည်း  အဆုံးသတ်မသေချာမှုများနှင့် ကစားကွက် ချိတ်ဆက်မှုမကောင်းသောကြောင့် ထပ်မံ ဂိုးသွင်း နိုင်ခြင်း မရှိဘဲ သရေရလဒ်သာ ထွက်ပေါ်လာခဲ့သည်။

 လာမည့်  ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် မြန်မာအသင်းအနေဖြင့် အိမ်ရှင် ကမ္ဘောဒီယားအသင်းနှင့် ဆက် လက်ယှဉ်ပြိုင် ကစားရမှဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly