စဉ့်ကူးမြို့နယ် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ အသုံးပြုရန် ရွှေပါဗြုန်းအိတ် အလုံး ငါးထောင်ကို လေလံတင်မည်

စဉ့်ကူးမြို့နယ် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ အသုံးပြုရန် ရွှေပါဗြုန်းအိတ် အလုံး ငါးထောင်ကို လေလံတင်မည်

မန္တလေး၊ ဖေဖော်ဝါရီ ၁၈ ။    ။ စဉ့်ကူးမြို့နယ် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေအသုံးပြုရန်အတွက် ရရှိထားသည့် ရွှေပါ ဗြုန်းအိတ် ၅၀၀၀ ကို ဖေဖော်ဝါရီ ၂၄ ရက်တွင် လေလံတင်ရောင်းချသွားမည်ဟု ဒေသဖွံ့ဖြိုးရေးအဖွဲ့ နာယကဖြစ်သော စဉ့်ကူးမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းထွန်းက မဇ္ဈိမကို ပြောသည်။

 မန္တလေးတိုင်းဒေသကြီး၊စဉ့်ကူးမြို့နယ်၊ကံတောင်ကျေးရွာ ဒေသဖွံ့ဖြိုးရေး(CSR)လုပ်ငန်း ဆပ်ကော်မတီ ရုံးခန်း တွင် ဖေဖော်ဝါရီလ ၁၈ ရက်မှစတင်၍ လေလံလျှောက်လွှာ တစ်စောင်လျှင် ကျပ် တစ်သောင်းဖြင့် ရောင်းချပေး လျက် ရှိနေပြီး လျှောက်လွှာများကို ဖေဖော်ဝါရီလ ၂၂ ရက်နောက်ဆုံးထား ပြန်လည်တင်ရမည်ဖြစ်ကြောင်း သိရသည်။

 "တို့ဒေသ ဖွံ့ဖြိုးရေးအတွက် ပထမ ခြေလှမ်းပဲ"ဟု ဦးအောင်သန်းထွန်းကပြောသည်။

 ကံတောင်ကျေးရွာ၊မြောက်ကျွန်းသူမမ ကုမ္ပဏီ၏ လုပ်ကွက်အမှတ် SGU-2A/2B တွင် မြို့နယ် CSR လုပ်ငန်း ကော်မတီ၏ စီစဉ်လမ်းညွှန်မှုကိုခံယူကာ ကံတောင်ဒေသခံရပ်မိ ရပ်ဖများပါဝင်သည့် ဦးဆောင် စီမံ ဆောင် ရွက်ရေး ဆပ်ကော်မတီဖွဲ့စည်း၍ ရွှေတူးဖော်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်။ ထိုဆောင်ရွက်မှုများမှ ဒေသခံ ရွှေလုပ်သား အင်းဦးစီးများ လုပ်ကိုင်ဆောင်ရွက်ခဲ့ကြသော အင်းတက် ဗြုန်း၏ လေးပုံတစ်ပုံကို ခွဲဝေ ရယူခဲ့သည့် ရွှေပါ ဗြုန်းအိတ်များကို လေလံတင်ရောင်းချခြင်းဖြစ်သည်။

 ပြန်လည်ရောင်းချ၍ ရရှိခဲ့သည့်ငွေကြေးများအား လုပ်ကွက်အတွက် ပေးသွင်းရမည့် အခွန်အခများနှင့် လုပ်ကိုင်ဆောင်ရွက်မှု ကုန်ကျစရိတ်များကျခံစေပြီး အမှန်တကယ်လိုအပ်သော ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် စီမံခန့်ခွဲ၍ ဘဏ်၌ ငွေစာရင်းဖွင့်လှစ်ကာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် စနစ်တကျ ကျခံသုံးစွဲသွားမည်ဖြစ်သည်။

 
ရောင်းချရာတွင် ဗြုန်းတစ်အိတ်လျှင် သတ်မှတ်ကြမ်းခင်းစျေး ငွေကျပ် ၇၅၀၀(ခုနှစ်ထောင့် ငါးရာ)ထက် မနိမ့်သော နှုန်းထားကို စျေးပြိုင်စနစ်ဖြင့် လက်ရှိအမြင်အတိုင်း လေလံတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly