ကော်လိုရာဒိုတွင် တောင်ခြင်္သေ့အလိုက်ခံရသော်လည်း ပြန်လည်ခုခံနိုင်ခဲ့သည့် အပြေးသမား

ကော်လိုရာဒိုတွင် တောင်ခြင်္သေ့အလိုက်ခံရသော်လည်း ပြန်လည်ခုခံနိုင်ခဲ့သည့် အပြေးသမား

ဖေဖော်ဝါရီ ၁၈ ။       ။  အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်ရှိ Horseshoe တောင်ပေါ်မှာ တောင်ခြင်္သေ့တစ်ကောင် လိုက်ကိုက်တာကို ခံလိုက်ရပေမယ့် တောင်ခြင်္သေ့ကို သတ်နိုင်ခဲ့တဲ့ အပြေးသမားတစ်ဦးရဲ့ သတင်းစာရှင်းလင်းပွဲကို များမကြာမီကပဲ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ဖေဖော်ဝါရီလ၊ ၁၁ ရက်က အမည်ဖော်ပြခြင်းမရှိတဲ့ အပြေးသမားတစ်ယောက် Horseshoe တောင်ပေါ်မှာ အပြေးလေ့ကျင့်နေချိန်မှာ ၎င်းရဲ့ နောက်ကို တောင်ခြင်္သေ့တစ်ကောင်က လိုက်ပါလာခဲ့တာဖြစ်ပါတယ်။

“ကျွန်တော့်နောက်က အသံကို ကြားလိုက်ရတယ်။ လှည့်ကြည့်လိုက်တော့ အကိုက်ခံရတော့တာပဲ။”လို့ အဆိုပါအပြေးသမားက ပြောပါတယ်။

၎င်းရဲ့ မျက်နှာနဲ့ လက်ကောက်ဝတ် အကိုက်ခံလိုက်ရကြောင်း၊ တောင်ခြင်္သေ့ကို ခုခံစရာလက်နက်မရှိပေမယ့် အစွမ်းကုန်ကြိုးစားကာ ကိုယ့်ကိုယ်ကို ခုခံကာကွယ်နိုင်ခဲ့ကြောင်း အဆိုပါအပြေးသမားက ဆက်ပြောပါတယ်။

“တောင်ခြင်္သေ့ရန်ကနေ လွတ်မြောက်ဖို့ သူအစွမ်းကုန်ကြိုးစားနိုင်ခဲ့ပါတယ်။ ခြင်္သေ့လိုက်တာ ခံရပြီဆိုရင် ဒီလူငယ်လုပ်ခဲ့သလို လုပ်နိုင်ဖို့လိုတယ်။”လို့ ကော်လိုရာဒို ဥယျာဉ်နှင့် တောရိုင်းတိရိစ္ဆာန်ဆိုင်ရာ အဖွဲ့အစည်း မန်နေဂျာ မာ့ခ်လက်စလီက ပြောပါတယ်။

အပြေးသမားနောက်ကို လိုက်လာခဲ့တဲ့ တောင်ခြင်္သေ့ရဲ့ အလေးချိန်ဟာ ပေါင် ၈၀ (၃၆ ကီလိုဂရမ်) နီးပါးရှိကြောင်း ကော်လိုရာဒိုသတင်းစာမှာ ဖော်ပြထားပါတယ်။

ကော်လိုရာဒို ဥယျာဉ်နှင့် တောရိုင်းတိရိစ္ဆာန်ဆိုင်ရာ အဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်အရ လွန်ခဲ့တဲ့ နှစ် ၁၀၀ အတွင်းမှာ တောင်ခြင်္သေ့များကြောင့် သေဆုံးခဲ့ရသူအယောက် ၂၀ နီးပါးရှိကြောင်း၊ ၁၉၉၀ ခုနှစ်နှောင်းပိုင်းမှာ တောင်ခြင်္သေ့များကြောင့် ၃ ဦးသေဆုံးကာ ၁၆ ဦး ဒဏ်ရာရရှိခဲ့ဖူးကြောင်း သိရှိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly