ပဲခူးတွင် ပြုလုပ်မည့် ၇၂ ကြိမ်မြောက် မွန်အမျိုးသားနေ့ကျင်းပရေး ရန်ပုံငွေ အခက်အခဲရှိနေ

ပဲခူးတွင် ပြုလုပ်မည့် ၇၂ ကြိမ်မြောက် မွန်အမျိုးသားနေ့ကျင်းပရေး ရန်ပုံငွေ အခက်အခဲရှိနေ
ယခင်နှစ်က ကရင်ပြည်နယ်၊ ဘားအံတွင် မွန်အမျိုးသားနေ့အခမ်းအနားကျင်းပခ ဲ့စဉ်။ဓာတ်ပုံ- ကိုရိန်

မော်လမြိုင် ဖေဖော်ဝါရီ ၁၈ ။         ။  ပဲခူးတိုင်းဒေသကြီးတွင် ကျင်းပမည့် ၇၂ ကြိမ်မြောက် မွန်အမျိုးသားနေ့ ပြည်နယ်အဆင့်(ဗဟို) အခမ်းအနား အတွက် သိန်း ၁၂၀၀ ကျပ်ကျော်ကုန်ကျမည်ဟု လျာထားသော်လည်း အစိုးရအဖွဲ့မှ ထောက်ပံ့ငွေ ကျပ် ၆၃၅ သိန်းသာ ရရှိထားသဖြင့် ရန်ပုံငွေလုံလောက်မှု မရှိဘဲ အခက်အခဲရှိနေကြောင်း မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီမှ သိရသည်။

 မွန်အမျိုးသားနေ့ ပြည်နယ်အဆင့်(ဗဟို)အခမ်းအနားအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ်သိန်း ၅၀၀၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ်သိန်း ၁၀၀ နှင့် ပြည်ထောင်စုဝန်ကြီးနိုင်သက်လွင်က ငွေကျပ် ၃၅သိန်း ထောက်ပံ့ပေးခဲ့ကြောင်း မွန်အမျိုးသားနေ့ကျင်းပရေးဆပ်တော်မတီဝင် နိုင်မွန်ရာဇာထံမှ သိရသည်။

 “ အစိုးရအဖွဲ့ နှစ်ခုက ပေးတာက သိန်း ၆၀၀ ပေါ့။ ပြည်ထောင်စုဝန်ကြီးက ၃၅ သိန်း ထောက်ပံ့ပေးတယ်။ ကျွန်တော်တို့ လျာထားချက်က သိန်း ၁၂၀၀ ကျပ်လောက် ကုန်မယ်ထင်တယ်။ ဒီ မွန်အစိုးရအဖွဲ့က ထောက်ပံ့တဲ့ ၅၀၀ ကနေ မြို့နယ် ၁၀ မြို့နယ်ကို မြို့နယ်အဆင့်အခမ်းအနားအတွက် ၁၀ သိန်းစီ ပြန်ပေးတယ်။ ဘီးလင်းက အခမ်းအနားငယ်တဲ့အတွက် ၅ သိန်း ပေးပါတယ်။ ကုန်ကျမယ့်လျာထားချက်က နည်းနည်းများတော့ ရန်ပုံငွေအခက်အခဲ နည်းနည်း ဖြစ်နေပါတယ်။” ဟု ၄င်းက ပြောသည်။

 ၇၂ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကျင်းပရခြင်းမှာ မွန်စာပေနှင့်ယဉ်ကျေးမှု အနုသုခုမ၊ ဓလေ့ ထုံးတမ်းများကို ဖော်ထုတ်ထိန်းသိမ်းပြီး မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်း အမွေပေးသွားရန်နှင့် မွန် မျိုးချစ်စိတ်ရှင်သန်ရေး၊ တိုင်းရင်းသားညီိအကိုမောင်နှစ်မများအားလုံး စည်းလုံးညီညွတ်မှုရှိစေရန် ကျင်းပရခြင်း ဖြစ်သည်ဟု သိရသည်။

ယခုနှစ် ပြည်နယ်အဆင့်(ဗဟို)အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ရွှေမော်ဓောဘုရားရင်ပြင်ရှေ့တွင် ဖေဖော်ဝါရီ ၁၉ ရက်နေ့မှ စတင်ကာ ၂၀ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီမှ သိရသည်။

မွန်အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် မွန်စာပေပြိုင်ပွဲကဏ္ဍ ၈ ခု ၊ အဆို၊ အက၊ အတီး၊ ထမင်းနဲထိုးပြိုင်ပွဲ၊ မွန် အလှယဉ်ကျေးမှုပြိုင်ပွဲများနှင့် စာပေပြိုင်ပွဲများဖြစ်ကြသော ဆောင်းပါး၊ ဝတ္ထုရှည်၊ ကဗျာ၊ ပုံပြင်၊ ရုပ်ပြောင် ကာတွန်းပြိုင်ပွဲများ၊ မွန်ဇာတ်ပွဲများ၊ မွန်အဆိုတော်များမှ သီဆိုဖျော်ဖြေခြင်း၊ မွန်ရိုးရာယိမ်းအကများ၊ ကလေးပုံပြောနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများ ပါဝင်သည်ဟု သိရသည်။

 မွန်အမျိုးသားတို့၏ ပထမဟံသာဝတီမြို့ပြနိုင်ငံတော်ကို စတင်တည်ထောင်ခဲ့သော တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ပြီး ကျင်းပခဲ့ကြခြင်း ဖြစ်သည်။

 အဆိုပါ မွန်အမျိုးသားနေ့ပြိုင်ပွဲ ဆုရရှိသူများကို တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ည မွန်အမျိုးသားနေ့ အခမ်းအနားတွင် ကျင်းပရေးဆပ် ကော်မတီ၊ ပြည်တွင်းပြည်ပမှ အလှူရှင်များက ပူးပေါင်းကာ ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly