တနင်္သာရီဂျာနယ်အမှု ဒဏ်ငွေ ကျပ် ၅သိန်းဖြင့် အပြီးသတ်အမိန့်ချ

တနင်္သာရီဂျာနယ်အမှု ဒဏ်ငွေ ကျပ် ၅သိန်းဖြင့် အပြီးသတ်အမိန့်ချ
အပြီးသတ်အမိန့်ချမှုအပြီးတွင် တွေ့ရသော တနင်္သာရီဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးမျိုးအောင်

ရန်ကုန်၊ဖေဖော်ဝါရီ ၁၈ ။           ။ မဲဆွယ်အပြုံး သရော်စာဖော်ပြခဲ့မှုကြောင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရမှ တရားစွဲဆိုထားသည့် တနင်္သာရီဂျာနယ်အမှုကို ဖေဖော်ဝါရီလ ၁၈ ရက်တွင် ဒဏ်ငွေ ၅သိန်းပေးဆောင်ရန် ထားဝယ်မြို့နယ် တရားရုံးက အမိန့်ချသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဝန်ကြီးချုပ်များ၏ မိသားစုဝင်များကို ရည်ရွယ်ရေးသားကြောင်း ပေါ်လွင် နေခြင်းနှင့် မီဒီယာဥပဒေအရ ပေးထားသည့် လွတ်လပ်ခွင့်၊တည်ဆဲဥပဒေအရ ပေးထားသော လွတ်လပ်ခွင့်များအပေါ် ဘောင်ကျော်လွန်နေသည့်အတွက် တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ် ခဲ့ခြင်းဖြစ်သည်။

"မီဒီယာ လောကအတွက် စိုးရိမ်စရာကောင်းတဲ့ဆုံးဖြတ်ချက် အမိန့်တစ်ခုဖြစ်တယ်။ ဒါက ကျွန်တော်တို့ သတင်းစာလွတ်လပ်ခွင့်အတွက် ခေါင်းလောင်းသံတစ်ခုပဲ။ ပြီးတော့ ရုံးတော်အနေနဲ့ ဆိုရင် ရုံးတော်က သူ့သမိုင်းသူရေးတဲ့အခြေနေပေါ့။" ဟု တနင်္သာရီဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးမျိုးအောင်က ပြောသည်။

အဆိုပါအမှုအတွက် သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၅ (ခ) အရ အပြစ်ရှိကြောင်း အမိန့်ချမှတ်မည်ဆိုလျှင် ဒဏ်ငွေ အနည်းဆုံး ကျပ် သုံးသိန်းမှ ကျပ်ဆယ်သိန်းအထိ ဒဏ်ငွေချမှတ်ခံရမည် ဖြစ်ပြီး တနင်္သာရီဂျာကို ထားဝယ်တရားရုံးမှ ဒဏ်ငွေအနေဖြင့် ၅သိန်းပေးဆောင်ရန် ချမှတ်ခဲ့ခြင်းဖြစ်သည်။

“သရော်စာထဲက အကြောင်းအရာတွေက သူ့ကို ရည်ညွှန်းသည်ရှိဦး ဒါ လက်ရှိ တနင်္သာရီမှာ ဖြစ်နေတဲ့ အမှန်တရားပဲ။ ပြည်သူ့အသံပဲလေ။ ဒါကို ဘာလို့ အပြစ်ရှိကြောင်း အမိန့်ချခဲ့လဲဆိုတာ နားမလည်တော့ဘူး” ဟု သရော်စာများ ရေးသားသူ ဗြိတိသျှ ကိုကိုမောင်က ပြောသည်။

တစ်နှစ်ကျော်ကြာ စစ်ဆေးပြီးမှ အမိန့်ချခဲ့သည့် အဆိုပါအမှုနှင့်ပတ်သက်ပြီး အယူခံတင်မည့် ကိစ္စများ အပါအဝင် ရှေ့ဆက်လုပ်ဆောင်ရန်အတွက်  လိုက်ပါဆောင်ရွက်ပေးသည့် ရှေ့နေဖြင့် တိုင်ပင်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း တနင်္သာရီဂျာနယ်မှ တာဝန်ခံအယ်ဒီတာ ဦးမျိုးအောင်က ဆိုသည်။

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်ထုတ် တနင်္သာရီအပတ်စဉ် အတွဲ ၅ အမှတ် ၁၇ တွင်ဖော်ပြပါရှိသည့် ကလောင်ရှင် မူးဆေးအိုး၏ “မဲဆွယ်အပြုံး” သရော်စာသည် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းအစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်သည်ဟုဆိုကာ အရေးယူပေးရန် ထားဝယ်မြို့နယ်တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့သည့်အမှု ဖြစ်သည်။

တနင်္သာရီဂျာနယ်သည် တနင်္သာရီတိုင်းဒေသကြီးအတွင်းထုတ်ဝေသည့် ဂျာနယ်တစ်စောင်ဖြစ်ပြီး တနင်္သာရီ တိုင်းအတွင်းရှိ  အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းက တရားစွဲဆိုမှုကို ခံထားရခြင်းဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly