မြန်မာ့လက်ရွေးစင် ယူ ၂၂ အသင်း နိုင်ငံတကာအောင်ပွဲ စတင်ရယူနိုင်မလား

မြန်မာ့လက်ရွေးစင် ယူ ၂၂ အသင်း နိုင်ငံတကာအောင်ပွဲ စတင်ရယူနိုင်မလား
AFF U-22 Championship 2019 ယှဉ်ပြိုင်မည့် U-22 အသင်း လေ့ကျင့်နေမှုများကို တွေ့ရစဉ်။ ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၈ ။           ။ (AFF U-22 Championship 2019) အာဆီယံယူချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ဖေဖော်ဝါရီ ၁၅ ရက်နေ့ကတည်းက ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ကို ရောက်ရှိနေတဲ့ မြန်မာ့လက်ရွေးစင်ယူ ၂၂အသင်း ဟာ အုပ်စု (ခ) အဖွင့်ပွဲစဉ်အဖြစ် ဒီကနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ၊ မြန်မာစံတော်ချိန် ညနေ ၃ နာရီမှာအင်ဒိုနီးရှားအသင်းနဲ့ ယှဉ်ပြိုင်ကစားရတော့မှာပါ။

ယူ ၂၂ က ပြီးခဲ့တဲ့ ဇန်နဝါရီလမှ ပြန်လည်ဖွဲ့စည်းထားတာဖြစ်ပြီး နည်းပြချုပ်အသစ် ပိုပေါ့ဗ်၊ အားကစားကြံ့ခိုင်မှု နည်းပြအသစ်တို့ကို ခန့်အပ်ကာ လေ့ကျင့်ပြင်ဆင်ချိန် ၂ ပတ်အတွင်း အာဆီယံယူချန်ပီယံရှစ်ပြိုင်ပွဲအတွက် ပြင်ဆင်ခဲ့ရတာဖြစ်လို့ အင်ဒိုနီးရှားအသင်းကို ကျော်ဖြတ်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

"လက်ရှိအချိန်မှာ ကျွန်တော်နဲ့ ၁ ပတ်အတွင်း တွဲပြီး အလုပ်လုပ်နေရတဲ့ နည်းပြချုပ် ပိုပေါ့ဗ်က ကစားသမား တွေရဲ့ကြံ့ခိုင်မှုနဲ့ နည်းစနစ်ပိုင်းဆိုင်ရာတွေကို အမြင့်ဆုံးရောက်အောင် ဆွဲခေါ်နေပြီး ကစားသမားတွေရဲ့  စွမ်းဆောင်နိုင်စွမ်းကိုလည်း အမြင့်ဆုံးရောက်အောင် လုပ်နေတာတော့ တွေ့ရပါတယ်။ ပု်ပေါ့ဗ်ရဲ့ နည်းစနစ်ပိုင်း အရတော့ ဘောလုံးတွေကို အမြန်ကစားတာပေါ့။ ခြေထောက်ထဲမှတော ့မထားနဲ့။ ရတဲ့ရက်လေးအတွင်းမှာ ဗီဒီယိုတွေ လေ့လာတယ်။ ပြီးရင်ကစားသမားတွေနဲ့ ဆွေးနွေးပြီး ကွင်းထဲမာှ ပြန်လေ့ကျင့်တယ် ။ ကစားသမားတွေကတော့ ကြံ့ခိုင်မှုနဲ့ နည်းစနစ်ပိုင်းအရတော့ တိုးတက်လာပါတယ်" လို့ ယူ ၂၂  အသင်းရဲ့ လက်ထောက်နည်းပြ ဦးစိုးမြတ်မင်းက ဖေဖော်ဝါရီလ ၁၄ ရက်က ပြောဆိုထားပါတယ်။

 ဖေဖော်ဝါရီလ ၄ ရက်ကမှ စပြီး စခန်းသွင်းလေ့ကျင့်နေတဲ့ မြန်မာ့လက်ရွေးစင်ယူ ၂၂ အသင်းမှာ နည်းပြချုပ် ပိုပေါ့ဗ်အပါအဝင် နည်းပြအဖွဲ့ဝင် ၁၁ ဦး၊ ကစားသမား ၂၃ ဦး နဲ့ ဖွဲ့စည်းထားထားပါတယ်။ ကစားသမားတွေက  ဂိုးသမားများအဖြစ် ဖုန်းသစ္စာမင်း၊ ဆန်းဆက်နိုင်၊ စိုးအာကာ၊ နောက်တန်းတွင် ဝင်းမိုးကျော်၊ စိုးမိုးကျော်၊ အောင်ဝဏ္ဏစိုး၊ ရဲရင့်အောင်၊ ရဲမင်းသူ၊ ဇင်ရဲနိုင်၊ ဟိန်းဖြိုးဝင်း၊ ဇွဲထက်မင်း တို့ ဖြစ်ပြီး အလယ်တန်းတွင် နန်းထိုက်အောင်၊ လွင်မိုးကျော်၊ မြတ်ကောင်းခန့်၊ ဟိန်းထက်အောင်၊ အောင်နိုင်ဝင်း၊ မြတ်ထွန်းသစ်၊ ဇွဲသက်ပိုင်၊ စိုးလွင်လွင်၊ ဇေယျာနိုင်၊ ရှေ့တန်းတိုက်စစ်မှူးများအဖြစ် ဝင်းနိုင်ထွန်း၊ ထက်ပိုင်ဝေ၊ လွှမ်းမိုးဦးတို့ကို ရွေးချယ်ထားကာ ရှမ်းယူနိုက်တက်အသင်းမှ ကစားသမား ၆ ဦးအထိ အများဆုံး ပါဝင်နေတာ ဖြစ်ပါတယ်။

 ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်က မြန်မာနိင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ မြန်မာ့ဘောလုံး ၄ နှစ်တာစီမံကိန်းတွေကို မိတ်ဆက်ခဲ့တာဖြစ်ပြီး ယူ ၂၂ အသင်းလည်း အဲဒီစီမံကိန်းထဲ အပါအဝင် ဖြစ်ပါတယ်။

ယူ ၂၂  အသင်းအနေနဲ့ ပြန်လည်ဖွဲ့စည်းအပြီးမှာ ပွဲဦးထွက်အနေနဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညနေပိုင်း က ဧရာဝတီယူနိုက်တက်နဲ့ ရန်ကုန်မြို့၊ကမာရွှတ်မြို့နယ်ရှိ YUSC ဘောလုံးကွင်းတွင် ခြေစမ်းခဲ့ပြီး ပင်နယ်တီဂိုး နဲ့ အနိုင်ရခဲ့ကာ အပြီးသတ်လူစာရင်း ၂၃ ဦးကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

 မြန်မာလက်ရွေးစင် ယူ ၂၂ အသင်းဟာ နည်းစနစ်အသစ်၊ ကြံ့ခိုင်ရေးနည်းပြအသစ်ရဲ့လေ့ကျင့်မှုတွေနဲ့ အတူ နိုင်ငံတကာခြေစမ်းပွဲ ကစားထားခြင်း မရှိဘဲ အင်ဒိုနီးရှားအသင်းကို ယှဉ်ပြိုင်ရတော့မှာပါ။

 ဖေဖော်ဝါရီလ ၁၇ ရက်မှ၂၆ ရက်နေ့အထိ ကျင်းပမဲ့ အာဆီယံယူချန်ပီယံရှစ်ပြိုင်ပွဲမှာ အိမ်ရှင် ကမ္ဘာဒီးယားနဲ့ မလေးရှား၊ အင်ဒိုနီးရှားအသင်းတွေနဲ့ အုပ်စု B မှာ ကျရောက်နေတဲ့ မြန်မာ ယူ ၂၂ အသင်းအနေနဲ့ အုပ်စုဗိုလ်အဖြစ် တက်လှမ်းနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါပဲ။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly