နွားကောင်ရေ ၁၀၀ ကို ဖြတ်သန်းခွင့်မပါဘဲ သယ်ဆောင်လာသူ လူ ၂၁ ဦးကို အမှုဖွင့်

By သက်နောင်
17 February 2019
နွားကောင်ရေ ၁၀၀ ကို ဖြတ်သန်းခွင့်မပါဘဲ သယ်ဆောင်လာသူ လူ ၂၁ ဦးကို အမှုဖွင့်

ဖေဖေါ်ဝါရီ ၁၇ ။       ။ နွားကောင်ရေ ၁၀၀ အား ဖြတ်သန်းခွင့်မပါဘဲ သယ်ဆောင်လာသည်ဟု ဆိုကာ လူ ၂၁ ဦးကို ရေနံချောင်းမြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့်လိုက်သည်။

ထိုနွားများကို ဖေဖေါ်ဝါရီ ၁၄ ရက်နေ့က  ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရန်ကုန် - မန္တလေး ကားလမ်း မိုင်တိုင် ၃၆၇/၄နှင့် ၃၆၇/၅ကြား သုံးဆယ်ခြောက်ရွာအနီး ပင်းချောင်းတံတားဂိတ်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဆယ့်နှစ်ဘီးမော်တော်ယာဉ် ၅ စီးဖြင့် သယ်ဆောင်လာသည့် ထိုနွားများပါ ယာဉ်တန်းအား တားမြစ်စစ်ဆေးရာကနေ ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ထိုနွားများကို မကွေးမြို့မှ ရေနံချောင်းမြို့သို့ သယ်ဆောင်လာခြင်းဖြစ်ပြီး တိမွေးကုအထောက်အထားများ၊ နွားနားကပ်အမှတ်အသားများနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့၏ ကုန်လိုင်စင်အစုံအလင်တို့ကို တွေ့ရှိခဲ့သည်ဟု ဆိုသော်လည်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကျွဲနွားသယ်ဆောင်ခွင့်ပြုမိန့်မပါဟု ဆိုသည်။

ထွက်ဆိုချက်အရ အဆိုပါနွားများကို ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့မှ မူဆယ်သို့ သယ်ဆောင်ကာ တရုတ်နိုင်ငံသို့ ဆက်လက် ပို့ဆောင်ရန်မည်ဟု သိရသည်။

အသေးစိပ် စစ်ဆေးချက်များအရ စာရွက်စာတမ်းနှင့် ထောက်ခံချက်များမှာ အစစ်ဖြစ်သော်လည်း အချို့နွားများမှာ အရောင်နှင့် ဂျိုများကွဲလွဲနေခြင်းတို့ကြောင့် ဖေဖေါ်ဝါရီ ၁၆ ရက်နေ့တွင် နွားပိုင်ရှင် ဇော်မြင့်ပါ ၂၁ ဦးကို အမှုဖွင့်လိုက်ခြင်း ဖြစ်သည်။

၎င်းတို့ကို (ပ) ၂၆/၂၀၁၉၊ အရေးကြီးသောကုန်စည်များနှင့်ဆောင်ရွက်မှုများဆိုင်ရာဥပဒေပုဒ်မ ၅ အရ ရေနံချောင်းမြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့်ထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly