ဗင်နီဇွဲလားအတွက် အကူအညီပစ္စည်းများ တင်ဆောင်လာသည့် အမေရိကန်လေယာဉ်များ ကိုလံဘီယာသို့ ရောက်ရှိ

ဗင်နီဇွဲလားအတွက် အကူအညီပစ္စည်းများ တင်ဆောင်လာသည့် အမေရိကန်လေယာဉ်များ ကိုလံဘီယာသို့ ရောက်ရှိ

ဖေဖော်ဝါရီ ၁၇ ။        ။   ဗင်နီဇွဲလားအတွက် လူသားချင်းစာနာမှု အကူအညီပစ္စည်းတွေ တင်ဆောင်လာတဲ့ အမေရိကန် စစ်လေယာဉ်တွေကတော့ ယခုအခါ ယင်းနိုင်ငံနဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ ကိုလံဘီယာ နယ်စပ်မြို့ Cucuta ဆီ ဆိုက်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။

ယင်း အကူအညီတွေကတော့ ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင် ဟွမ် ဂွါဒိုရဲ့ မေတ္တာရပ်ခံမှုကြောင့် ပေးပို့လာခဲ့တာဖြစ်ပါတယ်။

မစ္စတာ ဟွမ်ဂွါဒိုကတော့ ၎င်းဟာ ဗင်နီဇွဲလား ကြားဖြတ်သမ္မတ ဖြစ်ကြောင်း ပြီးခဲ့တဲ့လကမှ ၎င်းကိုယ်တိုင် ကြေညာထားခဲ့တာဖြစ်ကာ ၎င်းအပေါ် နိုင်ငံပေါင်း ၅၀ လောက်က ထောက်ခံထားလျက်ရှိပါတယ်။

ယခု အကူအညီတွေဟာ ဗင်နီဇွဲလားနိုင်ငံအရေးမှာ ဝင်စွက်ဖက်ဖို့ ရည်ရွယ်တဲ့ အမေရိကန် ဇာတ်ညွန်းအကွက်တစ်ခုဖြစ်ကြောင်း ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုက စွပ်စွဲထားပါတယ်။

ဘာပဲဖြစ်ဖြစ် ယခုလို ဗင်နီဇွဲလားနဲ့ ထိစပ်နေတဲ့ ကိုလံဘီယာ နယ်စပ်မြို့ကို ရောက်လာတဲ့ အကူအညီတွေကို လာမယ့် ဖေဖော်ဝါရီ ၂၃ မှာ စေတနာ့ဝန်ထမ်း ၆၀၀,၀၀၀ လောက်က လာသယ်ပေးလိမ့်မယ်ဆိုပြီး မစ္စတာ ဂွါဒိုက ပြောထားပါတယ်။

ယင်းအကူအညီပစ္စည်းတွေ ဗင်နီဇွဲလားနိုင်ငံထဲ တရားဝင် ဝင်ခွင့်ရမယ် မရဘူး ဆိုတာကတော့ ယခုထက်ထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly