မြိတ်ကျွန်းစု၏ နာမည်ကြီး ပင်လယ်မျှော့ ဖမ်းဆီးရရှိမှုနည်းပါးလာ

မြိတ်ကျွန်းစု၏ နာမည်ကြီး ပင်လယ်မျှော့ ဖမ်းဆီးရရှိမှုနည်းပါးလာ

မြိတ်၊ ဖေဖော်ဝါရီ (၁၇) ။             ။ မြိတ်ကျွန်းစု ဒေသ၏ ရေထွက်ကုန် တစ်မျိုး ဖြစ်သော ပင်လယ်မျှော့ Sea Cucumber မှာ ဖမ်းဆီးမှု အလွန်အကျွံ များလာနေ၍ တဖြည်းဖြည်း ရှားပါးလာနေသည်ဟု ယင်း လုပ်ငန်းအား လုပ်ကိုင်နေသူ ရေလုပ်သား များထံမှ သိရ သည်။

တနင်္သာရီ ကမ်းရိုးတမ်း တစ်လျှောက်တွင် ဒေသခံများနှင့် ဆလုံ လူမျိုးများ အဓိက ဖမ်းဆီးပြီး၊ နိုင်ငံခြား စျေးကွက်သို့ တင်ပို့နေသည့် ပင်လယ်မျှော့ Sea Cucumber သည် လက်ရှိမှာ စျေးကောင်းရနေ၍ ဖမ်းဆီးသူများပြားလာခြင်းကြောင်း ယခုလို ရှားပါးလာခြင်း ဖြစ်သည်။

“လွန်ခဲ့တဲ့ ၅ နှစ် ၁၀ နှစ်လောက် ပင်လယ်ထဲမှာ ထွက်ဖမ်းရင် ၀ါလပ်ပုံး အကြီးစားနဲ့ ၂ ပုံး ၃ ပုံးလောက် ရရှိတာမျိုး ရှိပါတယ်၊ အခုချိန်မှာ လှေ တစ်ခေါက် ထွက်ရင် ၅ ဂါလံပုံးနဲ့ ဆိုလျှင် ၁ ပုံး နီးပါး လောက်ပဲ ရရှိ တော့တယ်”ဟု ကျွန်းစုမြို့နယ် ဒုံးပုလဲအော်ကျေးရွာနေ  ဦးကြည်စိုးက ပြောသည်။

အဆိုပါ ပင်လယ်မျှော့ Sea Cucumber ကို မြိတ် ကျွန်းစု ပင်လယ်ပြင် အတွင်းရှိ သန္တာကျောက်များနှင့် ကျောက်ဆောင်များအကြား ည အချိန်တွင် ဖမ်းဆီးရခြင်းဖြစ်ပြီး၊ လက်ရှိမှာ ကမ်းဝေး ငါးဖမ်းလှေနှင့် ငါးမှိုင်းခွဲ လှေများကြောင့် သန္တာကျောက်တန်းများ ပျက်စီးကာ ရှားပါးလာခြင်း ဖြစ်ကြောင်း ပင်လယ်မျှော့ ဖမ်းဆီးသူ ကျွန်းစု ဒေသခံ ရေလုပ်သားများထံမှ သိရသည်။

ပင်လယ် ကျေးရွာများအနက် ရေမြစ်ကြီး ကျေးရွာအုပ်စုရှိ ဒုံးပုလဲအော် ကျေးရွာလေးသည်၊ ယခင်က တစ်ရွာလုံး နီးပါးက ပင်လယ်မျှော့ကို ဖမ်းဆီးခြင်း လုပ်ငန်းကို လုပ်ကိုင်သည့် ရွာလေး တစ်ရွာ ဖြစ်ပြီး၊ ယခု အခါမှာတော့ ရှားပါးလာခြင်းကြောင့် အခြား ရေလုပ်ငန်း ဖြစ်သည့် ငါးဖမ်းဆီးခြင်းလုပ်ငန်းများကို ပြောင်းရွေ့လုပ်ကိုင် နေကြခြင်း ဖြစ်သည်။

“ပင်လယ်မျှော့တွေ ပေါတဲ့ အချိန်က ဆိုလျှင် မျှော့ တစ်ပိဿာကို ၁ သိန်းကျော်လောက် ရပါတယ်၊ အခုချိန်မှာတော့ အဲ့ဒီ မျှော့က ရှားပါးလာချိန် ဖြစ်နေတော့ တစ်ပိဿာကို ၂ သိန်းကျော်လောက် အထိ စျေးတက်သွားတယ်”လို့ ဒုံးပုလဲအော်ကျေးရွာနေ ဒေါ်သင်းသင်းယုက ဆိုသည်။

ပင်လယ်မျှော့ ဖမ်းဆီးခြင်းလုပ်ငန်းမှာ သန္တာကျောက်တန်းများနှင့် ကျောက်ဆောင်များအကြား ည အချိန် ၇ နာရီမှ ည သန်းခေါင်ယံအချိန် အထိ ဖမ်းဆီးရပြီး၊ လှေတစ်ခေါက်ထွက်လျှင် ပင်လယ်ပြင်၌ ၁ လခန့် ကြာမြှင့်သည်။

အဆိုပါ ပင်လယ်မျှော့အား တရုတ်နိုင်ငံမှ အများဆုံး ဝယ်ယူခြင်း ဖြစ်သည်။

ထို့ပြင် အိန္ဒိယနိုင်ငံရှိ နာမည်ကြီး ဟိုတယ်များ၌ စျေးအကြီးဆုံး ပင်လယ်စာဟင်းလျှာအဖြစ် ချက်ပြုတ် စားသောက်ကြသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly