ရဲကားနှင့် ဆိုင်ကယ်တိုက်မှု စစ်ကိုင်း-ရွှေဘို ကားလမ်းတွင် ဖြစ်ပွား

ရဲကားနှင့် ဆိုင်ကယ်တိုက်မှု စစ်ကိုင်း-ရွှေဘို ကားလမ်းတွင် ဖြစ်ပွား

စစ်ကိုင်း၊ ဖေဖော်ဝါရီလ ၁၆ ။          ။ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊စစ်ကိုင်း -ရွှေဘိုကားလမ်း ကျော်ဇေယျာကျေးရွာအနီးတွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နေ့လယ် ၁ နာရီခွဲက ရဲကားနှင့် ဆိုင်ကယ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ် စီးနင်းလာသည့် အမျိုးသမီးနှစ်ဦးသေဆုံးခဲ့ကြောင်း စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးထံကမှ သတင်းရရှိသည်။

 စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့၊ စစ်ကိုင်း-ရွှေဘိုကားလမ်း ကျော်ဇေယျာကျေးရွာအနီးတွင် ရွှေဘိုဘက်မှ စစ်ကိုင်းဘက်သို့ အချုပ်သားပို့ပြီးပြန်လာသော စစ်ကိုင်းမြို့မရဲစခန်းမှ ဒုတိယတပ်ကြပ်ထွန်းထွန်းလင်း မောင်းနှင်လာသောယာဉ်အမှတ် NPW 4K/..... Grand Tiger အပြာရောင်ယာဉ်နှင့် စစ်ကိုင်းဘက်မှ ရွှေဘို မြို့သို့ မသင်းသင်းမိုး (၂၀)နှစ် မောင်းနှင်လာသော ၃၄ယ/... အနက်ရောင်ဆိုင်ကလုံး ဆိုင်ကယ်တို့သည် လမ်းအလယ်တွင် မျက်နှာခြင်းဆိုင် တိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်းလာသူ မသင်းသင်းမိုးသည် အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ပြီး ဆိုင်ကယ်နောက်မှလိုက်ပါလာသည့် မသီတာ(၂၅)နှစ်တွင် ဒဏ်ရာများရရှိကာ စစ်ကိုင်းဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ဆေးရုံသို့ရောက်စဉ်သေဆုံးခဲ့ကြောင်း သိရသည်။

 သေဆုံးခဲ့သည့်အမျိုးသမီးနှစ်ဦးမှာ မသင်းသင်းမိုး(၂၀)နှစ် ကျောက်တာတောင်ရွာ၊မုံရွာမြို့ နှင့် မသီတာ(၂၅)နှစ် ထန်းမြင့်ကျေးရွာ၊အရာတော်မြို့နယ်နေသူတို့ဖြစ်ကြောင်း သိရသည်။

 အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ ယာဉ်မဆင်မခြင်မောင်းနှင်သော စစ်ကိုင်းမြို့မရဲစခန်းမှ ဒုတိယတပ်ကြပ် ထွန်းထွန်းလင်းကို ဆားတောင်နယ်မြေရဲစခန်းတွင် ယာဉ်(ပ) ၄/၁၉ ရာဇသတ်ကြီး ၃၀၄(က)ဖြင့် အမှုဖွင့် ဖမ်းဆီး အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly