ကျောက်ဖြူနှင့် သံတွဲတွင် တစ်ရက်အတွင်း စက်လှေ နှစ်စီးမီးလောင်၊ တစ်ဦးသေ

ကျောက်ဖြူနှင့် သံတွဲတွင် တစ်ရက်အတွင်း စက်လှေ နှစ်စီးမီးလောင်၊ တစ်ဦးသေ
ဓာတ်ပုံ- မြန်မာနိုင်ငံရဲတပ်ဖွဲ့

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ။       ။    ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်နှင့် သံတွဲ့မြို့နယ်တွင် တစ်ရက်အတွင်း စက်လှေနှစ်စီး မီးလောင်မှု ဖြစ်ပွား ခဲ့ပြီး ကျောက်ဖြူမြို့နယ်တွင် ဖြစ်ပွားခဲ့သော  စက်လှေတစ်စီးမီးလောင်မှုကြောင့်  အမျိုးသားတစ်ဦး သေဆုံး ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါ မီးလောင်မှုများမှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နံနက် ၆ နာရီခန့်အချိန်တွင် ကျောက်ဖြူမြို့နယ်၊ ပြင်ရှည်ကျေးရွာ လှေဆိပ်အနီး ကမ်းပေါ်ရှိ စက်လှေ ၁ စီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ ကြောင်း ရဲတပ်ဖွဲ့မှ ဖေဖော်ဝါရီလ ၁၆ ရက်၊ ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ရဲတပ်ဖွဲ့မှ ယင်းမီးလောင်မှုအား စုံစမ်းစစ်ဆေးခဲ့ရာ ပြင်ရှည်ကျေးရွာနေ စက်လှေပိုင်ရှင်ဖြစ်သူ အသက် ၅၂ နှစ်အရွယ် ဦးဖေသိန်းမှာ ၎င်း၏ ဇနီးဖြစ်သူ ဒေါ်မရွှေခင်၊ တစ်ရွာတည်းနေ သန်းရွှေမောင်ဆိုသူတို့နှင့်အတူ  ဖေဖော်ဝါရီလ ၁၄ ရက်၊ ညနေ ၃ နာရီခန့်က အဆိုပါစက်လှေဖြင့် ဓနိ ၈ဝဝဝ ခန့်အား အမ်းမြို့နယ်၊ မင်းတပ် ကျေးရွာမှ သွားရောက်တင်ဆောင်ခဲ့ကြောင်းသိရသည်။

ထို့နောက် ပြင်ရှည်ကျေးရွာလှေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး ဦးဖေသိန်းနှင့် ဇနီးသူတို့မှ ကျေးရွာအတွင်းသို့ သွားရောက်ခဲ့ကာ စက်လှေစောင့်အဖြစ် သန်းရွှေမောင် တစ်ဦးတည်း ကျန်နေခဲ့ပြီး ည ၁၁ နာရီအချိန် စက်လှေ ရှိရာသို့ ပြန်ရောက်ရှိလာစဉ် စက်လှေမှာ မီးလောင်ထားပြီး သန်းရွှေမောင်လည်း မီးလောင်သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

လက်ရှိ်တွင် စက်လှေ ပိုင်ရှင်ဖြစ်သူ ဦးဖေသိန်းအား ကျောက်ဖြူမြို့မရဲစခန်းတွင် (ပ)၁၄၄/၂ဝ၁၉၊ ရာဇသတ် ကြီးပုဒ်မ- ၂၈၅/ ၃ဝ၄-က တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီလ ၁၅ ရက်၊ ညနေ ၃ နာရီ ၄၅ မိနစ်အချိန် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိ တ္တောရပ်ကွက်၊ လုံးသာဖောင်တော်ဆိပ်မှ ရေမိုင် ၃ ဖာလုံခန့်အကွာ ပင်လယ်ပြင်၌ ကျောက်ချရပ်တန့်ထား သော 225 အမည်ရှိ အလျား ၆၅ ပေ၊ အနံ ၆ ပေ၊ အကျယ် ၂ဝ ပေရှိ ငါးဖမ်းရေယာဉ် ၁ စီးမီးလောင်မှုဖြစ် ပွားခဲ့သည်။

ဖြစ်စဉ်မှာ သင်္ဘောစက်ခန်းအတွင်းရှိ ရေစုပ်စက်အား ရွှေကျောင်းပြင်ကျေးရွာနေ အသက် ၆ဝ အရွယ် ပဲ့နင်း ဦးစန်းဝေက ရေစုပ်ရန် စက်နိုးထားရာမှတစ်ဆင့် သင်္ဘောစက်ခန်းအား မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်မှုကြောင့် တန်ဖိုးကျပ် ၁ဝ သိန်းခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

လက်ရှိတွင် ပဲ့နင်းဖြစ်သူ ဦးစန်းဝေကိုလည်း ဂျိတ္တောနယ်မြေရဲစခန်းတွင် (ပ)၄၉/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ- ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required