တနင်္သာရီတိုင်းဒေသကြီးအစိုးရသည် ပြည်သူကျေနပ်မှုအနည်းဆုံးအစိုးရအဖွဲ့ဟု အတိုင်ပင်ခံပြော

တနင်္သာရီတိုင်းဒေသကြီးအစိုးရသည် ပြည်သူကျေနပ်မှုအနည်းဆုံးအစိုးရအဖွဲ့ဟု အတိုင်ပင်ခံပြော
Photo-Myanmar State Counsellor Office

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ။             ။ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် ပြည်နယ်နှင့်တိုင်းဒေသကြီးများထဲတွင် ပြည်သူကျေနပ်မှု အနည်းဆုံးအစိုးရအဖွဲ့ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုလိုက်သည်။

 တနင်္သာရီတိုင်းသို့ ရောက်ရှိနေသော အတိုင်ပင်ခံပုဂ္ဂိုလ်သည် ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်များမှ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ထားဝယ်လေ ဆိပ်ခန်းမ၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များအား တွေ့ဆုံ၍ ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

 ခရီးစဉ်များ သွားရောက်ခဲ့ရာတွင် ပြည်သူလူထု ကျေနပ်မှု အနည်းဆုံးမှာ တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့ပင် ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ဤသည်ကို လေးလေးနက်နက် သတိပေးလိုကြောင်း၊ အမှန်တကယ် အလုပ်မလုပ်ပါက ပြင်းပြင်း ထန်ထန် ကိုင်တွယ်သွားမည်ဖြစ်ကြောင်း  ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။

 ထို့အပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များအနေဖြင့် ပြည်သူများနှင့် ထိတွေ့မှုနည်းပါးနေသည်ကိုတွေ့ရှိရပြီး တိုင်းဒေသကြီးအတွင်း တိုးတက်မှုများ နှေးကွေးနေသည်မှာ မဖြစ်သင့်ကြောင်းလည်း၄င်းကဆိုခဲ့သည်။

 ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် နေပြည်တော်တွင်နေကြရသည်ဖြစ်၍ လူထုနှင့် အနီးကပ်ဆုံး တာဝန် ထမ်းဆောင်နေကြရသည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များအနေဖြင့် လူထုလိုအပ်ချက်များကို မေးမြန်းပြီး တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးရန်လည်း အတိုင်ပင်ခံပုဂ္ဂိုလ်ကညွှန်ကြားခဲ့သည်။

 အလားတူ ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းအဂတိလိုက်စားမှု ရှိ၊ မရှိဆိုသည့် ကိစ္စမှာလည်း အဂတိ တိုက်ဖျက်ရေး ကော်မရှင်ကို ဖွဲ့စည်းပြီး ဆောင်ရွက်လျက် ရှိသည့်အတွက် အမှန်အတိုင်း ဖြစ်ရမည်ဖြစ်ကြောင်း ဒေသခံများကို ကတိပေး ပြောကြားခဲ့သေးသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် ရက်ပိုင်းက ကချင်ပြည်နယ်၊ ချင်းပြည်နယ် တို့ကိုလည်း သွားရောက်ကာ လူထုနှင့်တွေ့ဆုံခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly