အခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်အမတ်များဖြင့် မလုံလောက်ဟု သမ္မဟောင်း ပြော

အခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်အမတ်များဖြင့် မလုံလောက်ဟု သမ္မဟောင်း ပြော

နေပြည်တော်(ဖေဖော်ဝါရီ ၁၆ရက်၊ ၂၀၁၉ခုနှစ်)။ ။ ၁၆နှစ်ခန့် အချိန်ယူ ရေးဆွဲထားရသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်မှာ လွှတ်တော်ထဲက ကိုယ်စားလှယ်များဖြင့် မလုံလောက်ကြောင်း သမ္မတဟောင်း ဦးသိန်းစိန်က ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်သင့်ပြင်ထိုက်သည့် အချိန်အခါနှင့် ကိုက်ညီအောင် ပြင်ရမည်ဖြစ်သော်လည်း လွယ်လွယ်မပြင်ရန် ဖေဖော်ဝါရီ ၁၅ ရက်က မန္တလေးမြို့သို့ ရောက်ရှိလာသည့် သမ္မတဟောင်းက ပြောဆို လိုက်ခြင်း ဖြစ်သည်။

 “တစ်ကယ့်တစ်ကယ် ဟိုဒင်းဖြစ်(ပြင်)မယ်ဆိုရင် လွှတ်တော်ထဲက ကိုယ်စားလှယ်လောက်နဲ့ မလုံလောက်ဘူး။ လွှတ်တော်ထဲမှာ ဥပဒေပညာရှင် ဘယ်လောက်ပါမလဲ” ဟု ၎င်းက ဆိုသည်။

၁၉၉၀ ရွေးကောက်ပွဲရလဒ်များကို မျက်ကွယ်ပြုပြီး နဝတ အစိုးရက ၁၉၉၃ ခုနှစ်တွင် ခေါ်ယူကျင်းပသည့် ညောင်နှစ်ပင် ညီလာခံမှတစ်ဆင့် ထွက်ပေါ်လာသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် “လွယ်လွယ်နဲ့ ဖြစ်လာတာ မဟုတ်ဘူး” ဟုလည်း ဦးသိန်းစိန်က ပြောသည်။

၂၀၀၈ ခုနှစ်က နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကို ပြည်သူအများ အလူးအလဲခံနေရစဉ် ထိုစဉ် တပ်မတော် အစိုးရက ရေးဆွဲခဲ့ကာ အငြင်းပွားဖွယ်ရာ ဆန္ဒခံယူပွဲလုပ်၍ အတည်ပြုလိုက်သော ထိုဖွဲ့စည်းပုံအခြေခံဥပဒေမှာ မြန်မာ့နိုင်ငံရေး အင်အားစုများ၏ ဆန့်ကျင်ကန့်ကွက်ခြင်းကို ခံခဲ့ရသည်။

ဦးသိန်းစိန်က “တကယ်သာ တိုင်းပြည်အတွက် ကောင်းစေချင်လို့ ပြင်စေချင်လို့ ပြင်မယ်ဆိုရင်တော့ အစုအဖွဲ့ (၈) ဖွဲ့ကို ပြန်ပြီးတော့မှ ဖိတ်ရမယ်။ နောက် ငြိမ်းချမ်းရေး NCA တို့ ဘာတို့ လက်မှတ်ရေးထိုးထားတဲ့ ဒီအဖွဲ့တွေပေါ့။ ဒီအဖွဲ့တွေလည်း ပါသင့်တယ်။ ဒါဆိုရင်တော့ အင်မတန်ကောင်းတဲ့ ပြင်ဆင်ချက်တွေ ဖြစ်လာလိမ့်မယ်” ဟု ဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးသည် လွှတ်တော်လမ်းကြောင်းဖြင့်သာ ပြင်ဆင်ရန် ဥပဒေက ခွင့်ပြု ပေးထားကြောင်းနှင့် သမ္မတဟောင်း၏ ပြောကြားချက်သည် မဖြစ်နိုင်ကြောင်း၊ ယခင်က လွှတ်တော် မပေါ်ပေါက်သေးသည့်အတွက် ညောင်နှစ်ပင်ညီလာခံ ခေါ်ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင်မူ ပြည်သူလူထုကို ကို်ယ်စားပြုသည့် လွှတ်တော်လည်း ပေါ်ပေါက်နေပြီဖြစ်ကြောင်း အာဏာရပါတီအမတ် ဦးအောင်ကြည်ညွှန့်က မှတ်ချက်ပြုသည်။

အမျိုးသားလွှတ်တော်အမတ် ဦးအောင်ကြည်ညွှန့်က “ဖွဲ့စည်းပုံအခြေခံဥပဒေကို တစ်ကယ်ပြင်မယ်ဆိုရင် လွှတ်တော်မှာပဲ ပြင်လို့ရတယ်လို့ ဥပဒေအရ ပေးထားတယ်လေ။ အဲ့ဒါကို ညောင်နှစ်ပင်လိုလူတွေ ပြန်ခေါ်၊ အကြီး အကျယ်ကြီးတွေ အရင်တုန်းကလိုလုပ်။ နေက်ထပ် ရနှစ်၊ ၈နှစ်တွေ ဒီလိုကြာနေအောင် လုပ်နေဖို့ အကြောင်း မပေါ်ပေါက်ဘူးလေ” ဟု မဇ္ဈိမကို ပြောသည်။

 “ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် သမ္မဟောင်းက မဖြစ်နိုင်တဲ့ နည်းတွေနဲ့ လျှောက်ပြောနေလို့တော့ မရဘူးလေ” ဟုလည်း ၎င်းက ဆိုသည်။

ဦးသိန်းစိန်အနေဖြင့် ၎င်း၏ သမ္မတသက်တမ်းအတွင်း ၂၀၁၃ ခုနှစ်က သွားရောက်ခဲ့သည့် အမေရိကန်နိုင်ငံ ခရီးစဉ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို သော့ခတ်မထားဘဲ ပြင်ဆင်လိုက ပြင်ဆင်နိုင်သည်ဟု ပြောကြား ထားသည်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပုဒ်မ ၄၃၆ အရ ယင်းဥပဒေ၏ အရေးပါ အခရာကျသော ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုပါက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်၏ သဘောတူညီချက်ဖြင့်သာ ပြင်ဆင်နိုင်ပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲလုပ်ရန်လည်း လိုသေးကာ ပြည်သူထက်ဝက်ကျော်က ထောက်ခံမှသာ ပြင်ဆင်နိုင်ခွင့် ပေးထားသည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်ရှိ လွှတ်တော် အမတ်စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းက တင်သွင်းရမည်ဖြစ်ကာ ပြဌာန်းချက်တစ်ချို့ကို လွှတ်တော် အမတ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟုလည်း ဆိုထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းများကို ဆောလျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းရန် အရေးကြီးအဆိုကို ဇန်နဝါရီ ၂၉ရက်က ပြည်ထောင်စုလွှတ်တော်သို့ ဦးအောင်ကြည်ညွှန့်က တင်သွင်းထားသည်။

ဦးအောင်ကြည်ညွှန့်၏ အရေးကြီးအဆို အတည်ဖြစ်ခဲ့သော်လည်း ပူးပေါင်းကော်မတီတွင် ကိုယ်စားလှယ် ပါဝင်မှုအချိုးအစား၊ ကော်မတီ၏ ဦးတည်ချက်၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များအပေါ် ညှိနှိုင်းမှုများ မပြေလည် သေးသဖြင့် ယင်းကော်မတီကို ဖွဲ့စည်းနိုင်ခြင်း မရှိသေးပေ။

ပူးပေါင်းကော်မတီကို ပြည်ထောင်စုလွှတ်တော်တွင် နေရာရထားသည့် ကိုယ်စားလှယ် အချိုးအစားအရ အာဏာရ NLD ပါတီကိုယ်စားပြု ၁၉ဦး၊ လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း နေရာရထားသော တပ်မတော်သား အစုအဖွဲ့က ၈ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွဲ့ဖြိုးရေးပါတီက ၂ ဦး၊ ကျန်ပါတီများက ၁ ဦးစီနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်များထဲမှ ၁ ဦးကို ရွေးချယ်ပြီး စုစုပေါင်း ၄၅ ဦးဖြင့် ဖွဲ့စည်းရန် လျာထားသည်။

အဆိုပါ အချိုးအစားမှာ မျှတမှုမရှိကြောင်းနှင့် ပူးပေါင်းကော်မတီကို မည်သည့် လူဦးရေဖြင့် ဖွဲ့စည်းသည်ဖြစ်စေ ကော်မတီဝင် အားလုံး၏ ၂၅ ရာခိုင်နှုန်း ပါဝင်ခွင့်ပေးရန် တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က ယမန်နေ့ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့က ပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးတွင် တင်ပြထားသည်။

အာဏာရ NLD ပါတီက ရွေးကောက်ပွဲကတိကဝတ်ဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကြိုးပမ်း လာချိန်တွင် အတိုက်အခံ ပြည်ခိုင်ဖြိုးပါတီကလည်း တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်များ ရွေးချယ်ခန့်ထားရေးနှင့် ပတ်သက်သည့် အခြေခံဥပဒေ ပြဌာန်းချက်ကို ပြင်ဆင်လိုကြောင်း ဥပဒေကြမ်းတစ်ရပ်ကို ပြည်ထောင်စု လွှတ်တော်သို့ ပြီးခဲ့သည့် ရက်ပိုင်းက တင်သွင်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly