ဗိုလ်ချုပ်အောင်ဆန်း တန်ဖိုးနိမ့်သွားမည်ကို ကြံ့ခိုင်ရေးပါတီမှ စိုးရိမ်ဟု ဆို

ဗိုလ်ချုပ်အောင်ဆန်း တန်ဖိုးနိမ့်သွားမည်ကို ကြံ့ခိုင်ရေးပါတီမှ စိုးရိမ်ဟု ဆို

မန္တလေး၊ ဖေဖော်ဝါရီ ၁၆ ။         ။   ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေ များအောင် တည်နေရင်း ဗိုလ်ချုပ်အောင်ဆန်း တန်ဖိုးနိမ့်သွားမည်ကို စိုးရိမ်သည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက မဇ္ဈိမကို ပြောသည်။

"ကျွန်တော်တို့အနေနဲ့ပေါ့နော်၊ ဗိုလ်ချုပ်အောင်ဆန်းဟာ အမျိုးသားခေါင်းဆောင်ကြီး၊ ဗိသုကာကြီးဖြစ်တဲ့ မြို့ကြီးတွေမှာဆိုရင် သူတို့ရဲ့အထင်ကရနေရာတွေမှာ တစ်ချို့ ရှိပြီးသားပါ။ အဲဒီတော့ ရုပ်တုတွေများအောင်လို့ တည်ရင်း၊ တည်ရင်းကနေပြီးတော့ တန်ဖိုးနိမ့်သွားမှာကို ကျွန်တော်တို့ စိုးရိမ်ပါတယ်။"ဟု ဦးသိန်းထွန်းဦးက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ဂုဏ်သိက္ခာ မထိခိုက်စေရန်နှင့်ရုပ်တု ပြုလုပ်မည့် ကုန်ကျစရိတ်များကို ပြည်သူလူထု ဖွံ့ဖြိုးရေးများဖြင့် ချိန်ထိုးပြီး ဆောင်ရွက်သင့်သည်ဟုလည်း ဦးသိန်းထွန်းဦးက ဆိုသည်။

"ဒီလိုပဲ အဲဒီရဲ့ကုန်ကျစရိတ်တွေ သိန်းငါးရာလား သိန်းတစ်ထောင်လား၊ ဒါမျိုးတွေကို တစ်ဖက်ကလည်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ဂုဏ်သိက္ခာတွေ မထိခိုက်အောင် တစ်ဖက်ကလည်း ကုန်ကျမှုငွေကို ထိထိ ရောက်ရောက် သုံးစွဲနိုင်အောင်လို့ဆိုရင် ပြည်သူလူထုရဲ့ ဖွံ့ဖြိုးရေးတွေနဲ့ချိန်ထိုးပြီး ဆောင်ရွက်သင့်တယ်လို့ သုံးသပ်ပါတယ်။"ဟု ဦးသိန်းထွန်းဦးက ပြောသည်။

ဗိုလ်ချုပ်ရုပ်တု စိုက်ထူခြင်းကို လွိုင်ကော်မြို့၊ ခန္တီးမြို့တွင်လည်း ကန့်ကွက်မှုများရှိခဲ့ပြီး ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၂၃ ရက် က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဗိုလ်ချုပ်အောင်ဆန်းရင်ပြင်ရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို သင်္ဘောဆေးလောင်းခံရမှု ဖြစ်ပွားခဲ့သည်။

ထို့ကြောင့် ပြည်နယ်များတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုထားရှိရန် ပြုလုပ်ရာတွင် သက်ဆိုင်ရာ ဒေသခံ ပြည်သူများ၏ ဆန္ဒကို မျက်ကွယ်မပြုရန် လိုသည်ဟု ၎င်းက ဆိုသည်။

"ကျွန်တော်တို့က ဘယ်လုပ်ငန်းလုပ်လုပ် ဒီမိုကရေစီစနစ်မှာက ဒီမိုကရေစီ စံချိန် စံညွှန်းတွေရှိတယ်။ဒီမိုကရေစီ စံချိန် စံညွှန်းကဘာလည်းဆိုလို့ရှိရင် ပြည်သူတွေရဲ့ဆန္ဒ အဲဒါ အရေးကြီးပါတယ်။ဒီ ပြည်သူတွေရဲ့ဆန္ဒ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ကြည့်မလား။ သို့သော်လည်းပဲ သက်ဆိုင်ရာဒေသကိုသွားပြီးတော့ လုပ်တဲ့ အခါမှာ သက်ဆိုင်ရာဒေသ ပြည်သူတွေရဲ့ ဆန္ဒကလည်းအရေးကြီးတယ်။ ဒါကြောင့်မို့ ဘယ်အစိုးရ ၊ ဘယ် အဖွဲ့အစည်းပဲတက်တက် ပြည်သူ့ဆန္ဒကို မျက်ကွယ်မပြုဖို့ရာ အရေးကြီးတယ်လို့ ဒါ ဒီမိုကရေစီ စံချိန် စံညွှန်းနဲ့ အညီ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။"ဟု ဦးသိန်းထွန်းက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်က လွိုင်ကော်မြို့၌ ကန္တာဟေဝန်ပန်းခြံတွင် စိုက်ထူထားသော ဗိုလ်ချုပ် အောင်ဆန်းကြေးရုပ်တုနှင့် ပတ်သက်ပြီး ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်ဖောင်လ်ရှိုးနှင့် စီမံဘဏ္ဍာဝန်ကြီး တို့အား နုတ်ထွက်ပေးရန် လူဦးရေရာနှင့်ချီပြီး လမ်းပေါ်ထွက်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြကာ ဆန္ဒပြသူအချို့ ရာဘာကျည်ဖြင့်ပစ်ခတ်ခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly