ဆာလာရဲ့ ရုပ်အလောင်း မွေးရပ်မြေ အာဂျင်တီးနားသို့ ရောက်ရှိ

ဆာလာရဲ့ ရုပ်အလောင်း မွေးရပ်မြေ အာဂျင်တီးနားသို့ ရောက်ရှိ

ပရိုဂရီဆို၊ ဖေဖော်ဝါရီ ၁၆ ။          ။    အင်္ဂလိပ်ရေလက်ကြားမှာ လေယာဉ်ပျက်ကျပြီး သေဆုံးခဲ့တဲ့ အာဂျင်တီးနား တိုက်စစ်မှူး အမ်မလီယာနိုဆာလာရဲ့ ရုပ်အလောင်းကို အသုဘမချမီ အာဂျင်တီးနားက မွေးရပ်မြေ ပရိုဂရီဆိုမြို့ဆီ သောကြာနေ့က သယ်ဆောင်ရောက်ရှိလို့ လာပါတယ်။

ဆာလာရဲ့ ရုပ်အလောင်းကို ဗြိတိသျှလေကြောင်းလိုင်း လေယာဉ်နဲ့ တင်ဆောင်လာခဲ့တာဖြစ်ပြီး ဗျူနိုအေရိစ်လေဆိပ်ဆီ နံနက် ကိုးနာရီကျော်လေးမှာ ရောက်ရှိလာတာ ဖြစ်ပါတယ်။
အသင့်စောင့်နေတဲ့ ဗင်ကားတစ်စီးဟာ ဆာလာရဲ့ ရုပ်အလောင်းကို ဆန်တာဖီးပြည်နယ် ဆန်တာဖီး မြို့တော်မှာ ပြုလုပ်မယ့် စျာပနအခမ်းအနားအတွက် သယ်ဆောင်သွားခဲ့ပါတယ်။ စနေနေ့မှာတော့ နောက်ဆုံးနာရေးဓလေ့ထုံးစံအရ မိသားစုဆီ ရုပ်အလောင်းကို ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။

“ဒီကနေ့ဟာ ပရိုဂရီဆိုမြို့အတွက် သမိုင်းတွင်လောက်တဲ့ ဝမ်းနည်းဖွယ်ရာ နေ့ပါပဲ။ ဒီလို နေ့မျိုး ကြုံရမယ်လို့ မတွေးထင်ထားခဲ့မိဘူး။ ကျွန်တော်တို့အားလုံးအတွက် တုန်လှုပ်ခြောက်ခြားစရာပဲ ဖြစ်ပါတော့တယ်။”လို့ ဆာလာ ဆယ်နှစ်ကျော်  ကစားခဲ့ရာ ဆန်မာတင်ဒီပရိုဂရီဆိုကလပ်အသင်းရဲ့ ဥက္ကဌဖြစ်သူ ဒန်နီယယ်ရီဘာရိုက ပြောပါတယ်။
ဆာလာဟာ ပြင်သစ်ကလပ်အသင်း နန့်တက်စ်အသင်းကနေ အင်္ဂလိပ်ပရီးမီးယားလိဂ် ကာဒစ်ဖ်စီးတီးအသင်းကို အသင်းပြောင်းရွှေ့ပြီး လေယာဉ်နဲ့ သွားရောက်ချိန် ဇန်နဝါရီ ၂၁ ရက်မှာ သူ စီးလာတဲ့ လေယာဉ်ဟာ အဆက်အသွယ် ပြတ်တောက်ပြီး ပျောက်ဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ အင်္ဂလိပ်ရေလက်ကြားမှာ လေယာဉ်ပျက်အပိုင်းအစတွေကြားကနေ ဆာလာရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly