NLD၏ ခြေ/ဥ ပြင်ဆင်ရေး ကြိုးပမ်းမှု အာဏာရှင်ဆန်မည်ဟု တပ်မတော် သတိပေး

NLD၏ ခြေ/ဥ ပြင်ဆင်ရေး ကြိုးပမ်းမှု အာဏာရှင်ဆန်မည်ဟု တပ်မတော် သတိပေး

နေပြည်တော်(ဖေဖော်ဝါရီ ၁၅ရက်၊ ၂၀၁၉ခုနှစ်)။ ။ အာဏာရ NLD ပါတီ၏ ကြိုးပမ်းမှု နောက်ဆက်တွဲအဖြစ် လွှတ်တော်က စတင် အကောင်အထည်ဖော်နေသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းတာဝန်ပေးအပ်ရေးနှင့်ပတ်သက်ပြီး ကော်မတီ၏ တာဝန်မှာ ဘောင်ကျော်နေသောကြောင့် ဒီမိုကရေစီမဟုတ်ဘဲ အာဏာရှင်ဆန်မည်ဟု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က ထောက်ပြလိုက်သည်။

 “ငါတို့ ဒီအဖွဲ့အစည်းက လုပ်တဲ့ဥစ္စာကိုပဲ မင်းတို့ လိုက်နာရမယ်။ အဲဒါဆိုရင်တော့ ဒီမိုကရေစီ မဟုတ်တော့ဘူး။ အာဏာရှင် သိပ်ဆန်သွားပြီ” ဟု တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့ကိုယ်စား ဗိုလ်ချုပ်သန်းစိုးက ပြောသည်။

 ဖေဖော်ဝါရီ ၁၅ရက်က နေပြည်တော်လွှတ်တော်ဝင်းအတွင်းရှိ ဇဗ္ဗူသီရိဆောင်တွင်ပြုလုပ်သော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

 ပြည်ထောင်စုလွှတ်တော်ရုံးက လွန်ခဲ့သည့်နှစ်ရက်က ဖြန့်ဝေထားသော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း(မူကြမ်း)တွင် ပူးပေါင်းကော်မတီအနေဖြင့် အစီရင်ခံစာ တင်သွင်းပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတစ်ရပ်ကို ပြုစုရေးဆွဲရမည်ဟု ဖော်ပြထားသည်။

 သို့ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁၇၊ ၁၄၉အရ ပူးပေါင်းကော်မတီ၏ လုပ်ပိုင်ခွင့်သည် အစီရင်ခံစာတင်သွင်းသည့်အဆင့်အထိသာ ဖြစ်ခြင်းကြောင့် “ပူးပေါင်းကော်မတီရဲ့ လုပ်ပိုင်ခွင့်က အဲ့ဒီအထိ ရှိသလား။ ဥပဒေကြမ်းတစ်ရပ် ရေးဆွဲတင်ပြမယ်ဆိုရင် ဒီအဖွဲ့(ပူးပေါင်းကော်မတီ)ကြီး ဖွဲ့စည်းစရာ မလိုဘူးလေ။ အခု တင်ဖို့အတွက် ပြင်ဆင်ထားတဲ့သူတွေလည်း ရှိတယ်။ ၂ဝရာခိုင်နှုန်းနဲ့ တင်လို့ရနေတာပဲ” ဟု ဗိုလ်ချုပ်သန်းစိုးက ပြောသည်။

 ၎င်းက ဆက်လက်၍ “ကျွန်တော် ဥပမာတစ်ခု ပြောမယ်။ အစီရင်ခံစာတင်တဲ့အခါမှာ ဒီကော်မတီကနေ သဘောတူတာတွေလည်း ရှိမယ်။ မတူတာတွေလည်း ရှိမယ်။ မဲခွဲဆုံးဖြတ်တာတွေလည်း ရှိမယ်။ မှတ်ချက်နဲ့ရေးပြီး တင်တာတွေလည်း ရှိမယ်။ အဲ့ဒီ အစီရင်ခံစာအပေါ်မှာ မူတည်ပြီးတော့မှ ဥပဒေမူကြမ်း ရေးဆွဲတဲ့အချိန်မှာ ပါတီအလိုက်၊ အဖွဲ့စည်းအလိုက် ဥပဒေမူကြမ်း တင်ချင်တဲ့ဟာကို သူတို့ဟာသူတို့ ရေးပါစေ။ သူတို့ကို မချုပ်ထားပါနဲ့” ဟု ပြောကြားခဲ့သည်။

 ပူးပေါင်းကော်မတီကို ပြည်ထောင်စုလွှတ်တော်တွင် နေရာရထားသည့် ကိုယ်စားလှယ် အချိုးအစားအရ အာဏာရ NLD ပါတီကိုယ်စားပြု ၁၉ဦး၊ လွှတ်တော်တွင် ၂၅ရာခိုင်နှုန်း နေရာရထားသော တပ်မတော်သားအစုအဖွဲ့က ၈ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွဲ့ဖြိုးရေးပါတီက ၂ဦး၊ ကျန်ပါတီများက ၁ဦးစီနှင့် တသီးပုဂ္ဂလကိုယ်စားလှယ်များထဲမှ ၁ဦးကို ရွေးချယ်ပြီး စုစုပေါင်း ၄၅ဦးဖြင့် ဖွဲ့စည်းရန် လျာထားသည်။

 အဆိုပါ အချိုးအစားမှာလည်း မျှတမှုမရှိကြောင်းနှင့် ပူးပေါင်းကော်မတီကို မည်သည့် လူဦးရေဖြင့် ဖွဲ့စည်းသည်ဖြစ်စေ ကော်မတီဝင်အားလုံး၏ ၂၅ရာခိုင်နှုန်း ပါဝင်ခွင့်ပေးရန်လည်း တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တောင်းဆိုခဲ့သည်။

 ပူးပေါင်းကော်မတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဒီမိုကရေစီစံနှုန်းများနှင့် ညီညွတ်ခြင်းမရှိသော ပြဌာန်းချက်များ၊ ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာတွင် အဟန့်အတားဖြစ်နေသည့် ပြဌာန်းချက်များနှင့် အပြန်အလှန်ထိန်းကျောင်းရမည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာသုံးရပ်ကို တစ်ဖက်စောင်းနင်းဖြစ်စေသော ပြဌာန်းချက်များကို ဦးစားပေး လေ့လာသုံးသပ်ရမည်ဟုလည်း ဖြန့်ဝေထားသည့် မူကြမ်းတွင် ပါရှိသည်။

 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပျော်ဘွယ်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးသောင်းအေးက ဖွဲ့စည်းပုံအခြေခံဥပဒေကို “ကျမ်းစာ”နှင့် ခိုင်းနှိုင်းကာ “လွှတ်တော်အနေနဲ့ အမျိုးသားရေးအမြင်နဲ့ ကိုယ့်နိုင်ငံအတွက် အရေးကြီးတဲ့ ဒီဥပဒေကြီးကို လူတစ်ယောက်၊ တစ်ဖွဲ့ရဲ့ သုံးသပ်ချက်ပေါ်မှာ ရပ်တည်ပြီးတော့ ဒီတာဝန်တွေ မပေးအပ်သင့်ဘူး” ဟု ဆိုသည်။

 ဒီမိုကရေစီစံနှုန်းနှင့်ပတ်သက်၍လည်း မဲခွဲဆုံးဖြတ်ပြီး အနိုင်ရရှိမှုအပေါ် သတ်မှတ်ပါက အများကြီး မှားသွားမည်ဟု ဗိုလ်ချုပ်သန်းစိုးက ညှိနှိုင်းအစည်းအဝေးတွင် ပြောဆိုခဲ့သေးသည်။

 “အစီရင်ခံစာမှာ သဘောမတူတဲ့အချက်တွေကို အင်အားကြီးတဲ့သူတွေက ထည့်သွင်းရေးဆွဲရင် အင်အားနည်းတဲ့သူတွေက သဘောမတူရင် ဘာလုပ်ကြမလဲ။ ဒီအစည်းအဝေးခန်းမထဲမှာ ထသတ်မှာလား” ဟု ဗိုလ်ချုပ်သန်းစိုးက ပြောသည်။

 NLD ပါတီအနေဖြင့်မူ ပြည်ထောင်စုလွှတ်တော်တွင် ၅၈ဒဿမ ၉ရာခိုင်နှုန်း နေရာရထားသောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမူကြမ်းကို လွှတ်တော်သို့ တင်သွင်းနိုင်သော်လည်း ပါတီ၊ အဖွဲ့အစည်းအားလုံး ပါဝင်နိုင်ရေး လမ်းကြောင်းဖြင့်သာ ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ဒေါက်တာမြတ်ဉာဏစိုးက ညှိနှိုင်းအစည်းအဝေးအပြီးတွင် မီဒီယာများကို ပြောသည်။

 “အားလုံးနဲ့ တိုင်ပင်ပြီးတော့မှ ထွက်ပေါ်လာတဲ့အချက်တွေပေါ်မှာပဲ သွားမှာ။ တစ်ခန်းချင်းစီအလိုက်၊ တစ်ပိုဒ်ချင်းစီအလိုက်သွားမှာ။ ဘာမှ ကြိုပြီးတော့ ဝှက်ဖဲအနေနဲ့ ကိုင်ထားတာ မရှိပါဘူး” ဟု ၎င်းက ဆိုသည်။

 ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးသည် NLD ပါတီ၏ ၂၀၁၅ ရွေးကောက်ပွဲ ကတိကဝတ်ဖြစ်သည်။ လွှတ်တော်သက်တမ်း ၃နှစ်အကြာတွင်မူ NLD အမတ် ဦးအောင်ကြည်ညွှန့်က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းများကို ဆောလျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ရေးပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းရန် အရေးကြီးအဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။

 ဦးအောင်ကြည်ညွှန့်၏ အရေးကြီးအဆို အတည်ဖြစ်ခဲ့သော်လည်း လက်ရှိတွင် ပူးပေါင်းကော်မတီ ဖွဲ့စည်းရေးနှင့်ပတ်သက်ပြီး ပါဝင်မှုအချိုးအစား၊ ကော်မတီ၏ ဦးတည်ချက်၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များအပေါ် ညှိနှိုင်းမှုများ ပြေလည်မှု မရရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly