မြေယာလျော်ကြေး ပေးပြီးပါက ရန်ကုန်မြို့သစ်အိမ်ရာစီမံကိန်းကို စတင်မည်

မြေယာလျော်ကြေး ပေးပြီးပါက ရန်ကုန်မြို့သစ်အိမ်ရာစီမံကိန်းကို စတင်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ။           ။ တိုင်းအစိုးရမှ အကောင်အထည်ဖော်နေသည့် ရန်ကုန်မြို့သစ်အိမ်ရာစီမံကိန်းအတွက် မြေယာလျော်ကြေးများ ပေးပြီးပါက ဆောက်လုပ်ရေးလုပ်ငန်းများ စတင် အကောင်ထည်ဖော်ဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

 "ဒီမြေတွေကို လျော်ကြေးပေးပြီးတာနဲ့တစ်ပြိုင်နက်တည်း ဆောက်လုပ်ရေးလုပ်ငန်းက စမှာ ဖြစ်ပါတယ်။ ဒီ တည်ဆောက်ရေးလုပ်ငန်းတွေ စမယ်ဆိုရင် Master Plan တစ်ခု အခိုင်အမာ ရှိရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီဒေသမှာ မြေဧက ၁၀,၀၀၀ ကို လျော်ကြေးမြေ ၂,၀၀၀ ဧကပေးလိုက်ရင် ၂,၀၀၀ က တည်ဆောက်ရေး လုပ်ငန်းတွေ မကြာခင် စတင်မှာ ဖြစ်ပါတယ်" ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

 ဖေဖော်ဝါရီ ၁၅ ရက်က ရန်ကုန်မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့သော ရန်ကုန်မြို့သစ်စီမံကိန်း၏ အပြီးသတ်အဆင့် Master Plan ဆွေးနွေးတင်ပြခြင်း(Final Master Plan Presentation)တွင် ပြောခဲ့ခြင်း ဖြစ်သည်။

 လတ်တလောတွင် Master Plan အတွက် အပြီးသတ်ဆွေးနွေးနေခြင်းဖြစ်ပြီး ဆွေးနွေးမှုများပြီးစီးပါက မြေယာလျော်ကြေးပေးမှုများ စတင် လုပ်ဆောင်နိုင်မည်ဟု ခန့်မှန်းရသည်။

 လက်ရှိတွင် ရန်ကုန်မြို့သစ်စီမံကိန်းအတွက် မြေသိမ်းဆည်းမှု ၉၈ ရာခိုင်နှုန်း ရှိနေပြီး မြေယာလျော်ကြေး ပေးနိုင်ရေးကိစ္စများနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရမှ ပြည်ထောင်စုအစိုးရနှင့်လည်း အသေးစိတ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

 ရန်ကုန်မြို့သစ်စီမံကိန်းကို ကြည့်မြင်တိုင်တစ်ဖက်ကမ်းတွင် အကောင်အထည်ဖော်ရန် စီစဉ်နေခြင်းဖြစ်ပြီး ကြီးမှူးလုပ်ကိုင်နေသည့် ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကော်မတီ (NYDC) ကို တိုင်းအစိုးရ တိုက်ရိုက်ကိုင်တွယ် ဆောင်ရွက်နေခြင်း ဖြစ်သည်။

“ ရန်ကုန်မြို့သစ်တစ်ခုကို တည်ဆောက်မယ်ဆိုရင် အဲဒီမြို့သစ်ရဲ့ Master Plan သည် အင်မတန်အရေးကြီးတဲ့ ကိစ္စတစ်ခုလို့ ယူဆပါတယ်။ ဒီ Master Plan အရ ကျွန်တော်တို့က တည်ဆောက်ရမှာဖြစ်လို့ အဲဒီ Maser Plan ကို နောက်ဆုံးအတည်မပြုခင် အတတ်နိုင်ဆုံး အဖက်ဖက်ကနေပေးတဲ့ အကြံကောင်း၊ ဉာဏ်ကောင်းတွေကို ပြည်စုံချင်လို့ ဒီအစည်းအဝေးကို ခေါ်ယူပါတယ်" ဟု NYDC ဒုတိယဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ဦးသိမ်း ဝေ (Yoma Strategic နှင့် FMI ဥက္ကဋ္ဌ)က ပြောသည်။

 အဆိုပါ ရန်ကုန်မြို့သစ်စီမံကိန်းကို ယခင်အစိုးရလက်ထက်၊ ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တွင် ဆောင်ရွက်ရန် သဘောတူညီခဲ့သော်လည်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်( ဟောင်း) ဒေါက်တာ ညိုညိုသင်းက သဘောမတူကြောင်း အဆို တင်သွင်းခဲ့၍ စီမံကိန်း ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။

 NYDC ကို အစိုးသစ်လက်ထက် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် ပြန်လည်ဖွဲ့စည်းကာ ယခင် အစိုးရလက်ထက်က မူလစာချုပ်ချုပ်ခဲ့သည့် ကုမ္ပဏီများ နှင့် စာချုပ်များ ဖျက်သိမ်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly