အမေရိကန်-တရုတ် ကုန်သွယ်ရေး ဆွေးနွေးပွဲတွေအပြီး အလွန်ခက်ခဲတဲ့ ကိစ္စရပ်တွေ ကြွင်းကျန်နေသေးတယ်လို့ ဆို

အမေရိကန်-တရုတ် ကုန်သွယ်ရေး ဆွေးနွေးပွဲတွေအပြီး အလွန်ခက်ခဲတဲ့ ကိစ္စရပ်တွေ ကြွင်းကျန်နေသေးတယ်လို့ ဆို

ပေကျင်း၊ ဖေဖော်ဝါရီ ၁၅ ။             ။ ပေကျင်းမှာ ကျင်းပတဲ့ နှစ်ရက်တာ အမေရိကန်-တရုတ် ကုန်သွယ်ရေးဆွေးနွေးပွဲတွေ အပြီးသတ်ချိန်မှာ အလွန်ခက်ခဲတဲ့ ကိစ္စရပ်တွေ ကြွင်းကျန်ရှိနေသေးတယ်လို့ သောကြာနေ့က တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံစဉ်မှာ အမေရိကန်ထိပ်တန်းကုန်သွယ်ရေးကိုယ်စားလှယ် ရောဘတ်လိုက်သီဇာက ပြောခဲ့ပါတယ်။

“စေ့စပ်ညှိနှိုင်းတဲ့ ဆွေးနွေးပွဲတွေဟာ အတော်လေး ကောင်းမွန်မှု ရှိခဲ့ပါတယ်။”လို့ အမေရိကန်နဲ့ တရုတ်စေ့စပ်ညှိနှိုင်းသူတွေ တက်ရောက်တဲ့ တွေ့ဆုံပွဲတစ်ရပ် အစမှာ သမ္မတရှီကျင့်ဖျင်ကို လိုက်သီဇာက ပြောလိုက်တာပဲ ဖြစ်ပါတယ်။

“တော်တော်လေးကို အရေးကြီးပြီး အတော်လဲ ခက်ခဲတဲ့ ကိစ္စရပ်အချို့ကို ကျွန်တော်တို့ ရှေ့ဆက်ဆွေးနွေးသွားဖို့လိုမယ်လို့ ခံစားရပါတယ်။ နောက်ထပ် ကြိုးစားအားထုတ်မှုတွေ လုပ်ဆောင်ရဖို့ ရှိပေမယ့်လည်း ကျွန်တော်တို့အနေနဲ့ မျှော်လင့်ချက် အားကောင်းစွာ ထားနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။”လို့ ၎င်းက ပြောပါတယ်။

အမေရိကန်ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံမှုမှာ သမ္မတရှီကျင့်ဖျင်ကလည်း “တရုတ်-အမေရိကန် ဆက်ဆံရေးဟာ ဘေးကင်းလုံခြုံတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ဘုံအကျိုးစီးပွားဖြစ်သလို တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ဖွံ့ဖြိုးအားကောင်းမှုကိုလည်း မြှင့်တင်ပေးနိုင်တယ်လို့ ကျွန်တော်တို့အားလုံးပဲ ယုံကြည်ထားကြပါတယ်။”လို့ ပြောခဲ့ပါတယ်။

ကမ္ဘာ့စီးပွားရေးအကြီးဆုံး အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံကြားမှာ သွင်းကုန်စည်းကြပ်ခွန်တွေ အပြန်အလှန်ချမှတ်ခြင်းနဲ့ ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်နေတာကို ရှောင်ရှားဖို့ နှစ်နိုင်ငံက ထိပ်တန်းတာဝန်ရှိသူတွေက နှစ်ရက်တာ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

အခု ပေကျင်းအစည်းအဝေးမတိုင်ခင်မှာလည်း နယူးယောက်မှာ နှစ်ဖက်တာဝန်ရှိသူတွေ ဆွေးနွေးထားခဲ့ကြပြီး ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly