ဇင်ဘာဘွေက ရွှေမိုင်းတွင်းဟောင်းတွေမှာ ရေကြီးမှုဖြစ်ပြီး ၂၀ ကျော် သေဆုံးဖွယ် ရှိနေ

ဇင်ဘာဘွေက ရွှေမိုင်းတွင်းဟောင်းတွေမှာ ရေကြီးမှုဖြစ်ပြီး ၂၀ ကျော် သေဆုံးဖွယ် ရှိနေ

ဟာရာရီ၊ ဖေဖော်ဝါရီ ၁၅ ။            ။ ဇင်ဘာဘွေနိုင်ငံ ဟာရာရီမြို့တော် အနောက်တောင်ပိုင်း မိုင်ကိုးဆယ်အကွာခန့်က မိုင်းလုပ်ကွက်မြို့တစ်မြို့က မိုင်းတွင်းဟောင်း နှစ်တွင်းမှာ ရေကြီးရေလျှံမှုဖြစ်အပြီး ရွှေမိုင်းတွင်းတူးလုပ်သား အနည်းဆုံး ၂၃ ဦး သေဆုံးနိုင်ခြေ ရှိနေပါတယ်။

ကာဒိုမာမြို့နားက ဒီရွှေမိုင်းတွင်းတွေမှာ အသက်ရှင်နိုင်သူနဲ့ သေဆုံးသူရုပ်အလောင်းတွေကို ရှာဖွေနိုင်ရေးအတွက် ကယ်ဆယ်ရေးသမားတွေဟာ ရေတွေကို စုပ်ထုတ်ဖို့ ကြိုးစားလျက် ရှိနေပါတယ်။

“မိုင်းလုပ်သား လုပ်ဖော်ကိုင်ဖက်တွေဆီက ကြားရတာကတော့ အဲဒီ မိုင်းတွင်းတွေမှာ အနည်းဆုံး လူ ၂၃ ယောက်လောက် ပိတ်မိနေနိုင်တယ်လို့ သိရတယ်။ အင်္ဂါနေ့ညက မိုးအရမ်းသည်းပြီး ဆည်တစ်ခုရဲ့ နံရံကနေ ရေတွေ လျှံကျရာက မိုင်းတွင်းတွေမှာ ရေကြီးရေလျှံမှု ဖြစ်တာပါ။”လို့ ဒီမိုင်းတွင်းတွေကို ပိုင်ဆိုင်တဲ့ RioZim ကုမ္ပဏီရဲ့ ပြောဆိုခွင့်ရှိသူ ဝီဆန်ဂွါတီရင်ဂါက ပြောပါတယ်။

“အဲဒီ မိုင်းတွင်းတွေမှာ ကျွန်တော်တို့ အသုံးမပြုတော့ဘဲ ထားတဲ့ မိုင်းတွင်းဟောင်းတစ်တွင်းလည်း ပါပါတယ်။ ကျွန်တော်တို့အနေနဲ့ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေကို ပေးအပ်လျက် ရှိနေပါတယ်။”လို့လည်း ၎င်းက ဆိုပါတယ်။

နောက်ထပ်မိုင်းတွင်းကတော့ ပုဂ္ဂလိကပိုင် မိုင်းတွင်းတစ်တွင်းဖြစ်တယ်လို့ နိုင်ငံပိုင် Herald သတင်းစာက ဖော်ပြပါတယ်။

မြေအောက်မှာ ပိတ်မိနေသူပေါင်းဟာ ၂၃ ဦး ရှိပြီး အသက်ရှင်နိုင်ဖို့ အခွင့်အလမ်း အင်မတန်နည်းတယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူး မူဇူလူက သတင်းစာကို ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly