နေအိမ်မှ ထွက်သွားပြီး တရုတ်နိုင်ငံထဲ ခြေလျင်လျှောက်ပြီး ရောက်သွားခဲ့တဲ့ ထိုင်းအမျိုးသမီး မိသားစုနှင့် ပြန်ဆုံဆည်း

နေအိမ်မှ ထွက်သွားပြီး တရုတ်နိုင်ငံထဲ ခြေလျင်လျှောက်ပြီး ရောက်သွားခဲ့တဲ့ ထိုင်းအမျိုးသမီး မိသားစုနှင့် ပြန်ဆုံဆည်း

ဖေဖော်ဝါရီ ၁၅ ။       ။     နေအိမ်ကနေ ရုတ်တရက်ထွက်သွားပြီး တရုတ်နိုင်ငံထဲ ခြေလျင်လျှောက်ပြီး ရောက်ရှိသွားခဲ့တယ်လို့ ဆိုတဲ့ ထိုင်းအမျိုးသမီးတစ်ဦး ယခုအခါ ကံအားလျော်စွာ မိသားစုနဲ့ ပြန်ဆုံနိုင်ခဲ့တယ်လို့ သိရပါတယ်။

Kaeomanee Arjaw အမည်ရ အသက် ၅၉ နှစ်ရှိ ထိုင်းအမျိုးသမီးကြီးဟာ dementia ခေါ် မှတ်ဉာဏ်လျော့နည်းတဲ့ ဝေဒနာခံစားနေရသူ ဖြစ်ကာ လွန်ခဲ့တဲ့ ၈ လလောက်က ထိုင်းနိုင်ငံရှိ သူမရဲ့ နေအိမ်ကနေ ပျောက်သွားခဲ့တာဖြစ်ပါတယ်။

သူမဟာ ကီလိုမီတာ ၆၄၀ အကွာအဝေးကို ခြေလျင်လျှောက်ပြီးတော့ တရုတ်နိုင်ငံထဲ ရောက်ရှိသွားခဲ့တယ်လို့ ဆိုပါတယ်။

ယခုအခါ ဖေဖော်ဝါရီ ၁၅ ရက်မှာ ထိုင်းနိုင်ငံဆီ ပြန်ရောက်လာခဲ့ပြီး သူမရဲ့ သမီးဖြစ်သူနဲ့ ပြန်ဆုံနိုင်ခဲ့ပါပြီ ဖြစ်ပါတယ်။

သူမကတော့ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်က Chiang Rai ဒေသက သူမနေအိမ်ကနေ ပျောက်သွားခဲ့တာဖြစ်ပါတယ်။ သူမနေထိုင်ရာ နေရာကနေ လာအို၊ မြန်မာနဲ့ ထိစပ်နေတဲ့ ရွှေတြိဂံ ဇုန် တောင်ကုန်းဒေသ အနားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပျောက်ဆုံးသွားတဲ့ အဆိုပါ ထိုင်းအမျိုးသမီးကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလက တရုတ်နိုင်ငံ Kunming မြို့ထဲမှာ ထိုင်း မှတ်ပုံတင်ကဒ်နဲ့အတူ ပြန်တွေ့ခဲ့တာဖြစ်ပါတယ်။ သူမကို ယင်းမြို့က ကောင်စစ်ဝန်ရုံး တာဝန်ရှိသူတွေနဲ့ အမြန်ဆက်သွယ်ပေးပြီး အကူအညီပေးခဲ့ရတာဖြစ်ပါတယ်။

တရုတ်က မြန်မာ၊ လာအိုနဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့အတွက် သူမ ဘယ်လမ်းကြောင်းကို ဖြတ်ပြီး တရုတ်ကို ရောက်သွားလဲ ဆိုတာကတော့ ရှင်းလင်းစွာ မသိရပါဘူး။

" သူ ပြန်ပြောပြတာကတော့ အဲဒီ တရုတ်ကို ခြေလျင် ရောက်သွားခဲ့တယ်လို့ ပြောပါတယ်၊ သူ  လမ်းပဲဆက်လျှောက်သွားနေခဲ့တယ်လို့ ဆိုပါတယ်၊ လမ်းမှာတွေ့သမျှ ဆိုင်တွေကနေ အစားအစာ တောင်းခဲ့တယ်လို့ ဆိုပါတယ်" လို့ Chiang Rai လူဝင်မှု ရဲတပ်ဖွဲ့မှ ရဲမှူးကြီး Aekkorn Butsabarbodin က ပြောသွားပါတယ်။

အဆိုပါ ထိုင်းအမျိုးသမီးကြီးကတော့ သူမရဲ့ သားကို တွေ့ဖို့အတွက် ခုလို သွားလာခဲ့တာဖြစ်ကြောင်းလည်း ပြန်လည်ပြောပြခဲ့တယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly