တရုတ်နှင့် ပေါင်းစည်းရေး ထိုင်ဝမ်အစီအစဉ် မရှိသေးဟု မာယင်ကျိုးပြောကြား

တရုတ်နှင့် ပေါင်းစည်းရေး ထိုင်ဝမ်အစီအစဉ် မရှိသေးဟု မာယင်ကျိုးပြောကြား

တရုတ်ပြည်မကြီးနှင့် ပေါင်းစည်းရေး ဆွေးနွေးရန် ထိုင်ဝမ်အနေဖြင့် အဆင်သင့်မဖြစ်သေးကြောင်း ထိုင်ဝမ်သမ္မတ မာယင်ကျိုးက အောက်တိုဘာ ၁ တွင် ပြောကြားလိုက်ရာ သင်းကွဲပြည်နယ် တစ်ခုအဖြစ် မှတ်ယူကာ သိမ်းသွင်းရန်အရေး ယုံကြည်မှုလွန်ကဲနေသော တရုတ်သို့ ခိုင်မာသည့် သတင်းစကားတစ်ခု ပါးလိုက်ခြင်းလည်းဖြစ်သည်။

ဒီမိုကရေစီကျွန်းနိုင်ငံ ထိုင်ဝမ်နှင့် တရုတ်ကွန်မြူနစ်နိုင်ငံကြား စီးပွားရေးနှင့် လူမှုရေးကွာဟချက်များ ကျဉ်းမြောင်းလာသော်လည်း နိုင်ငံရေးအရခြားနားမှုမှာ ကျယ်ပြန်နေဆဲဖြစ်ကြောင်း အသက် ၆၅ နှစ်ရှိ မာက သီးသန့်အင်တာဗျူးတစ်ခုတွင် ရိုက်တာသို့ ပြောကြားခဲ့သည်။

"နှစ်ဖက်ကြားက နိုင်ငံရေးအခြေအနေက သိပ်ကိုခြားနားနေဆဲပါ။ ပေါင်းစည်းရေးလို ကိစ္စတွေဆွေးနွေးဖို့ အလွန်ကြီးမသင့်တော်ဘူးထင်တယ်။ ထိုင်ဝမ်က အဆင်သင့်မဖြစ်သေးပါဘူး"ဟု မာကဆိုသည်။

တရုတ်က၎င်း၏ အမျိုးသားနေ့ကျင်းပနေသည့်နေ့တွင် မာက ပြောကြားခဲ့ခြင်းဖြစ်သည်။ မာသည် ၎င်း၏သမ္မတသက်တမ်းကာလအတွင်း တရုတ်နှင့် စီးပွားရေးဆက်ဆံမှုနွေးထွေးခဲ့သော်လည်း သက်တမ်း ကန့်သတ်မှုအရ လာမည့်နှစ်တွင် ရာထူူးမှ ဆင်းပေးရမည်ဖြစ်သော မာသည် ပေါင်းစည်းရေးဆွေးနွေးပွဲများ အချိန်မတန်သေးကြောင်း ထပ်မံပြောကြားခဲ့သည်။

လွန်ခဲ့သည့်နှစ်က ရေလက်ကြားဖြတ်ကျော်ကုန်သွယ်ရေးသဘောတူညီချက်ကို ဆန့်ကျင်သော လူထုဆန္ဒပြပွဲများဖြစ်ပေါ်ပြီးနောက် တရုတ်နှင့်ပေါင်းစည်းရေးမှာ များစွာအလှမ်းဝေးသွားသည့်အပြင် မာ၏ တရုတ်လိုလားသော အမျိုးသားရေးဝါဒီပါတီ၏ အားနည်းမှုကိုလည်း မာ၏သုံးသပ်ချက်က မီးမောင်းထိုးပြလျက်ရှိသည်။

ပြည်တွင်းစစ်ပွဲတွင် ကွန်မြူနစ်များကို ရှုံးနိမ့်ပြီးနောက် ၁၉၄၉ ခုနှစ်က အမျိုးသားရေးဝါဒီတပ်ဖွဲ့များသည် ထိုင်ဝမ်ကျွန်းသို့ ထွက်ပြေးခဲ့ရသည်။ လူဦးရေ ၂၃သန်းရှိသော ထိုင်ဝမ်အား ၎င်း၏ထိန်းချုပ် မှုအောက်ပြန်လည်ရောက်ရှိရေး အထူးသဖြင့် ထိုင်ဝမ်က လွတ်လပ်ရေးကို တရားဝင်ကြေညာပါက အင်အားအသုံးပြုမည်ဟု တရုတ်က ပြောကြားထားသည်။

တရုတ်သည် ထိုင်ဝမ်၏ အကြီးမားဆုံးကုန်သွယ်ဘက်ဖြစ်ပြီး ထိုင်ဝမ်နည်းပညာကုမ္ပဏီအများအပြားသည် တရုတ်ပြည်မကြီးတွင် စက်ရုံများတည်ဆောက်လုပ်ကိုင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly