မွေးရပ်မြေမှာ ယှဉ်ပြိုင်ချင်သည့် မွန်လူမျိုး ကိုယ်ခံပညာကစားသမား ပုညစိုင်း

မွေးရပ်မြေမှာ ယှဉ်ပြိုင်ချင်သည့် မွန်လူမျိုး ကိုယ်ခံပညာကစားသမား ပုညစိုင်း

ဖေဖော်ဝါရီ ၁၅ ။       ။     ကိုယ်ခံပညာအားကစားကို စိတ်ဝင်စားသည့် အသက်၁၉ နှစ်အရွယ် နယူးဇီလန်နိုင်ငံသား ပုညစိုင်း သည် ONE Warrior Series ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရန် နိုင်ငံကိုယ်စားပြုအလံရွေးချယ်ရာတွင် နယူးဇီလန်အလံ အစား မြန်မာနိုင်ငံအလံကိုသာ ရွေးချယ်ခဲ့သည်။

မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမားအဖြစ် ရွေးချယ်ခဲ့ခြင်းသည် မွေးရပ်မြေဆိုသည့် အကြောင်းအရင်း တစ်ခုထက် များစွာပိုကြောင်း ၎င်းက ဖွင့်ဟခဲ့သည်။

"မြန်မာနိုင်ငံက ကိုယ်ခံပညာနဲ့ ပတ်သတ်ရင် အရူးအမူးအားပေးတယ်။ ကိုယ်ခံပညာ အားကစားနည်း တွေဟာ မြန်မာနိုင်ငံမှာ အမျိုးသားအားကစားအဖြစ် ရပ်တည်နေပါတယ်။ နောက်ပြီး မြန်မာပရိသတ် တွေရဲ့ အားပေးမှုက နွေးထွေးတယ်"ဟု မွန်တိုင်းရင်းသားဖြစ်သူ ပုညစိုင်းက ဆိုသည်။

မြန်မာနိုင်ငံသားများ ပုညစိုင်းကို သတိမထားမိစဉ်ကတည်းက မြန်မာနိုင်ငံအလံအောက်တွင် ယှဉ်ပြိုင်ရန် ရွေးချယ်ခဲ့ပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကချင်ပြည်နယ်မှာ မွေးဖွားခဲ့သူ အောင်လအန်ဆန်သည်လည်း မြန်မာနိုင်ငံကိုသာ ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သည်။ လက်ရှိတွင် အောင်လအန်ဆန်သည် One Championship ၏ ဝိတ်တန်း နှစ်ခု၏ ကမ္ဘာ့ချန်ပီယံအဖြစ် ရပ်တည်နေသည်။ ထိုနည်းတူ မွန်လူငယ်လေး ပုညစိုင်းကိုလည်း မြန်မာပရိသတ် များက အောင်လအန်ဆန်ကဲ့သို့ မြန်မာ့ဂုဏ်ဆောင်အားကစားသမားဖြစ်လာရန် မျှော်လင့်နေသည်။

ပုညစိုင်းသည် ONE Warrior Series တွင် နှစ်ပွဲ ယှဉ်ပြိုင်ထားပြီး ၂ ပွဲစလုံးကို အနိုင်ရရှိထားကာ ၎င်းသည် နှစ်ပွဲစလုံးကို ပထမအချီ၌ပင် အနိုင်ရထားခြင်းဖြစ်သည်။

ရူံးပွဲမရှိအားကစားသမားဖြစ်နေသည့် ပုညစိုင်း၏ နောက်ထပ်ပြိုင်ပွဲအပေါ် အားလုံးက စိတ်ဝင်စားလျက်ရှိသည်။

"လောလောဆယ်တော့ နောက်တစ်ပွဲအတွက် ဘယ်တော့လောက်ဖြစ်မယ်ဆိုတာ မသိရသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ နယူးဇီလန်မှာ ရိုက်ကူးရေး အစီအစဉ်တစ်ခုရှိနေလို့ပါ" ဟု၎င်းက ပြောသည်။

"ကျွန်တော့်အထင် ဧပြီလလောက်မှာ ONE Warrior Series ယှဉ်ပြိုင်ဖို့ရှိလိမ့်မယ်။ ဒီပွဲကို မြန်မာပြည် မှာ ယှဉ်ပြိုင်ခွင့်ရဖို့မျှော်လင့်တယ်"ဟု ပုညစိုင်းက မကြာသေးမီက ပြုလုပ်ခဲ့သောအင်တာဗျူးတွင် ဆိုသည်။

ပုညစိုင်းသည် နယူးဇီလန်နိုင်ငံ၏အကြီးဆုံးမြို့တော် Auckland ၏ ဆင်ခြေဖုံးမြို့လေးဖြစ်သည့် Glen Innes တွင် ကြီးပြင်းခဲ့ကြသူဖြစ်ကာ ကိုယ်ခံပညာ အားကစားကို ငယ်စဉ်ကတည်းက စိတ်ဝင်စားခဲ့ သည်။

ONE Warrior Series နှင့်စာချုပ်ချုပ်ဆိုပြီးနောက် Rich Franklin သည် ပုညစိုင်းကို မြန်မာပြည်သို့ အလည်အပတ်သွားရောက်ခွင့်ပေးခဲ့သည်။ မွန်တိုင်းရင်းသားတစ်ဦးဖြစ်သည့် ပုညစိုင်းသည် ကလေးဘဝကတည်းက မြန်မာနိုင်ငံမှ ထွက်ခွာလာခဲ့ခြင်းဖြစ်သော်လည်း ပြန်ရောက်ချိန်တွင် နွေးထွေးမှုကို ခံစားရဆဲဟု ဆိုသည်။

"မြန်မာနိုင်ငံမှာ နေတဲ့ ကျွန်တော့်ရဲ့ ဆွေမျိုးတွေကို တွေ့ဖို့သွားခဲ့တာပါ။ ဆွေမျိုးတွေတင်မက ကျန်တဲ့လူတွေကပါ နွေးနွေးထွေးထွေးကြိုဆိုပြီး  ကျွန်တော့်ရဲ့အားကစားကို အားပေးကြတယ်။ မြန်မာနိုင်ငံက အရမ်းချစ်စရာကောင်းပါတယ်" ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် ပုညစိုင်းသည် အရှေ့တောင်အာရှ၏ ထိပ်တန်း ကိုယ်ခံပညာ အားကစားရုံ တစ်ခုဖြစ်သော အင်ဒိုနီးရှားနိုင်ငံရှိ Bali MMA ၌ အပြင်းအထန်လေ့ကျင့်ပြင်ဆင်နေသည်။

“Bali MMA မှာ ကျွန်တော်ရဲ့ မြေပြင်ကစားကွက်တွေ (Ground Fight) တိုးတက်အောင် အဓိက လေ့ကျင့်နေ ပါတယ်"ဟု ပုညစိုင်းက ပြောသည်။

ပုညစိုင်းက မွေးရပ်မြေဖြစ်သော မြန်မာနိုင်ငံတွင်ယှဉ်ပြိုင်ချင်သည့် ၎င်း၏ အိပ်မက်အကြောင်းကို လည်း ဖွင့်ဟပြောခဲ့သည်။

"မြန်မာနိုင်ငံမှာ ယှဉ်ပြိုင်ချင်လားလို့ ကျွန်တော့် ကိုမေးမယ်ဆိုရင်တော့ ချက်ခြင်းပဲ ခေါင်းညိတ်မိမှာပါ။ ကျွန်တော်ရဲ့အရည်အချင်းတွေကို မွေးရပ်မြေမှာ ပြသခွင့်ရတာလောက်ကောင်းတာရှိဦးမလား"ဟု ၎င်းက ဆိုသည်။

၂၀၁၉ ခုနှစ် နှစ်သစ်သည် ပုညစိုင်းအတွက် အောင်မြင်မှုများစွာ သယ်ဆောင်လာပေးမည့် နှစ်အဖြစ် ၎င်းက ယုံကြည်နေပြီး ယခုနှစ် အတွင်း မွေးရပ်မြေဖြစ်သည့် မြန်မာနိုင်ငံ၌ ယှဉ်ပြိုင်ထိုးသတ်ကာ နိုင်ပွဲများ ဆောင်ကျဉ်းနိုင်မည်ဟု ယုံကြည်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly