လက်နက်ကိုင်များအကြား စစ်ရေးတင်းမာမှုကြောင့် ကျောက်မဲမြို့တွင်စစ်ရှောင် တစ်ထောင်ကျော်အထိ ရှိလာ

လက်နက်ကိုင်များအကြား စစ်ရေးတင်းမာမှုကြောင့် ကျောက်မဲမြို့တွင်စစ်ရှောင် တစ်ထောင်ကျော်အထိ ရှိလာ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ။           ။ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ စစ်ရေး တင်းမာမှု များကြောင့် ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့ပေါ်သို့ စစ်ရှောင်လာသူ တစ်ပတ်အတွင်း တစ်ထောင် ကျော်လာပြီဖြစ်ကြောင်း လူမှုကူညီရေးအသင်းများမှ သိရသည်။

 စစ်ရှောင်အများစုမှာ ကျောက်မဲမြို့မှ ၇ မိုင်ကျော်သာဝေးသည့် ပန်လော့ကျေးရွာအုပ်စုဝန်းကျင်မှ ၈ ရွာခန့်မှ ဖြစ်ကြောင်းလည်း စစ်ရှောင်များကို ကူညီစောင့်ရှောက်ပေးနေသူ ကျောက်မဲမြို့ခံ ကိုသားဇော်ကပြောသည်။

“နှစ်ဦးနှစ်ဖက်အင်အားတွေဖြည့်တင်းလာတယ်ပေါ့။ တစ်ဖက်နဲ့တစ်ဖက် ပစ်ခတ်နေကြပြီ။ တိုက်ပွဲသဏ္ဍာန် တော့ မဟုတ်သေးဘူး ခြိမ်း ခြောက်နေကြပြီ။ အင်အားတွေတိုးလာပြီဆိုတဲ့အတွက် တိုက်ပွဲဖြစ်နိုင်တဲ့ အခြေ အနေရှိတယ်ဆိုပြီး ရွာမှာနေရင်း၊ နေလို့မရလို့ဆိုပြီး က လေးတွေ၊ အမျိုးသမီးတွေကကြိုပြီးရှောင်လာကြတာ” ဟု ၄င်းကဆိုသည်။

 ဖေဖော်ဝါရီ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ စစ်ရှောင်လာသည့် လူဦးရေ ၁၁၀၀ ကျော် အထဲတွင်အမျိုးသမီးနှင့် ကလေးငယ်အများစုပါဝင်ပြီး အမျိုးသားဦးရေမှာ စစ်ဘေးရှောင်အားလုံး၏ ၂၀ ရာခိုင်နူန်းအောက်သာ ရှိကြောင်းလည်း သိရသည်။

 လတ်တလောအနေဖြင့် စစ်ဘေးရှောင်အားလုံးကို ကျောက်မဲမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းများနှင့် ဘုန်းကြီးကျောင်းများတွင် ခွဲဝေနေရာချထားပေးပြီး စားနပ်ရိက္ခာအတွက် ပရဟိတအလှူရှင်များကို အားကိုးနေရကြောင်း ကိုသားဇော်က ဆိုသည်။

 “ ကူညီလုပ်ဆောင်ပေးနေတဲ့သူအနေနဲ့ ဘေးကနေကြည့်ရင် ၁၀ ရက်တာလောက်တော့ တောင့်ခံ ထားနိုင်လောက်တယ်” ဟု ၄င်းကပြောသည်။

 သို့သော် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့သည် ရွာခံများ၏ တောင်းဆိုမှုကြောင့် ၄င်းတို့၏လမ်းကြောင်းအတိုင်း နှစ်ဖက်တပ်များကို ပြန်ဆုတ် နေပြီဖြစ်ကြောင်း ကျောက်မဲဒေသခံ လူမှု ကူညီရေးအသင်း များမှသိရသည်။

 ထို့ကြောင့် စစ်ရှောင်များအနေဖြင့် နေရပ်နိုင်ရန်မျှော်လင့်ထားသော်လည်း အခြေအနေ တည်ငြိမ်ရန် စောင့်ကြည့်နေရသေးသည့် အနေအထားမျိုးဖြစ်ကြောင်းလည်း သိရသည်။

 အလားတူ နမ္မတူမြို့နယ်နှင့် သီပေါမြို့နယ်များတွင်လည်းစစ်ဘေးရှောင်များရှိနေပြီး အများစုမှာ နေရပ် ပြန်ရန်စိုးထိတ်နေကြရသည့် အခြေအနေတွင်ရှိနေသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly