နယ်ခြားတံတိုင်းရန်ပုံငွေအတွက် ထရမ့်က နိုင်ငံတော်အရေးပေါ် အခြေအနေ ကြေညာမည်

နယ်ခြားတံတိုင်းရန်ပုံငွေအတွက် ထရမ့်က နိုင်ငံတော်အရေးပေါ် အခြေအနေ ကြေညာမည်

၀ါရှင်တန်၊ ဖေဖော်ဝါရီ ၁၅ ။      ။  မက္ကဆီကို-အမေရိကန် နယ်ခြားတံတိုင်းကာရံရေးနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာမယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

ထပ်မံပြီး အစိုးရယန္တရား တန့်ရပ်မှုမဖြစ်ရအောင် လွှတ်တော်က အတည်ပြုတဲ့ အစိုးရအသုံးစရိတ်ကို ထရမ့်က လက်မှတ်ထိုးမှာဖြစ်ပေမယ့် အငြင်းပွားဖွယ် ဖြစ်နေတဲ့ တံတိုင်းကာရံရေး ရန်ပုံငွေအတွက် နိုင်ငံတော်အရေးပေါ် အခြေအနေကို ကြေညာမှာဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်တာ ဖြစ်ပါတယ်။

ထရမ့်ရဲ့ ခုလို လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး အာဏာကို အလွဲသုံးစားလုပ်တာဖြစ်ပြီး ဥပဒေမဲ့ လုပ်ရပ်ပဲလို့ ဒီမိုကရတ်အကြီးတန်းအမတ်တွေက ဝေဖန်ပါတယ်။

လွှတ်တော်ဥက္ကဌဖြစ်သူ နန်စီပီလိုစီက ရီပတ်ဘရီကန်ပါတီရဲ့ ခုလို လုပ်ဆောင်ချက်ဟာ မပြေလည်မှုတွေနဲ့ ခြောက်ခြားစရာတွေပဲ ကြုံတွေ့လာရမှာဖြစ်ပြီး ဒီမိုကရက်တွေအနေနဲ့ ဒါကို တားဆီးသွားနိုင်ရေး ပြင်ဆင်သွားရမှာဖြစ်တယ်လို့ ပြောပါတယ်။

တော်ရုံလုပ်ဆောင်ခြင်း မရှိတဲ့ နိုင်ငံတော် အရေးပေါ် ကြေညာခြင်းဟာ ထရမ့်အတွက် မက္ကဆီကိုနဲ့ နယ်စပ််တစ်လျှောက် တံတိုင်းကာရံရေး ရန်ပုံငွေကို တိုက်ရိုက်ရယူခွင့် ရှိမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လအတွင်းက အစိုးရအသုံးစရိတ် ရန်ပုံငွေကို လွှတ်တော်မှာ အတည်မပြုနိုင်တာကြောင့် အစိုးရလုပ််ငန်းအချို့ ရပ်တန့်ခဲ့တာမျိုး ထပ်မဖြစ်အောင် ဒီမိုကရက်နဲ့ ရီပတ်ဘရီကန်တွေဟာ အစိုးရအသုံးစရိတ် ဥပဒေမူကြမ်းတစ်ရပ်ကို သဘောတူခဲ့ပြီး လွှတ်တော်ကလည်း အတည်ပြုခဲ့ပါတယ်။

ဒီအသုံးစရိတ်မူကြမ်းကို ထရမ့်က လက်မှတ်ထိုးမှာ ဖြစ်ပေမယ့် သူ့ရွေးကောက်ပွဲကတိဖြစ်တဲ့ မက္ကဆီကိုနယ်စပ် တံတိုင်းကာရံရေးအတွက် ခုလို နိုင်ငံတော်အရေးပေါ် အခြေအနေ ကြေညာမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly