လွိုင်ကော်ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ညှိနှိုင်းမှုမရှိပါက မိမိအစီအစဉ်ဖြင့် ဖယ်ရှားသွားမည်ဟု ကရင်နီလူငယ်များဆို

လွိုင်ကော်ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ညှိနှိုင်းမှုမရှိပါက မိမိအစီအစဉ်ဖြင့် ဖယ်ရှားသွားမည်ဟု ကရင်နီလူငယ်များဆို
Photo-Kayan New Generation Youth - KNGY

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၄ ။          ။ လွိုင်ကော်မြို့၊ ကန္တာဟေဝန်ပန်းခြံ၌ စိုက်ထူထားသည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကိစ္စနှင့် ပတ်သက်ပြီး ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီမှ လာရောက်ညှိနှိုင်းခြင်းမရှိပါက ပန်းခြံအတွင်းရှိ ကြေးရုပ်တုကို မိမိတို့ အစီအစဉ်ဖြင့် ဖယ်ရှားသွားမည်ဟု ကရင်နီပြည် ပြည်သူများကိုယ်စားပြုညှိနှိုင်းရေးကော်မတီက ဖေဖော်ဝါရီ ၁၃ ရက်နေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

 “ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီနဲ့ ညှိနှိုင်းလို့ ရလာတဲ့ဟာကို အစိုးရအနေနဲ့ လုပ်ပေးမယ်ဆိုတဲ့ဟာ ပါတယ်ပေါ့နော်။ ကျွန်တော်တို့ဘက်က ညှိနှိုင်းဖို့အဆင်သင့်ရှိတယ်။ ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီက လာရောက်မညှိနှိုင်းဘူးဆိုရင် ကျွန်တော်တို့က အစိုးရကို ကြေးရုပ်ဖျက်သိမ်းပေးဖို့ တောင်းဆိုသွားမှာပါ” ဟု ကရင်နီ လူငယ်တစ်ဦးဖြစ်သူ ကိုဒီးဒီးက မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

 ဒေသခံပြည်သူများ၏ ဆန္ဒမပါဝင်ဘဲ လွိုင်ကော်မြို့၊ကန္တာဟေဝန်ပန်းခြံ၌ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု စိုက်ထူခဲ့ခြင်းကြောင့် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကရင်နီ လူငယ်များ ရာနှင့်ချီပြီး လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

 ဆန္ဒပြ ကရင်နီပြည် လူငယ်များနှင့် အစိုးရအကြား ညှိနှိုင်းသဘောတူညီချက်အရ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို ဖယ်ရှားရေးသည် ပြည်နယ်အစိုးရအဖွဲ့၌ တိုက်ရိုက်တာဝန်မရှိဘဲ ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီဖြင့်သာ ညှိနှိုင်းပြီး ရရှိလာသည့် သဘောတူညီချက်ကို အစိုးရမှ တစ်လအတွင်း အကောင် အထည်ဖော်ရမည်ဖြစ်သည်။

 သို့သော်လည်း လက်ရှိအချိန်အထိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုဖြစ်မြောက်ရေးကော်မတီအနေဖြင့် ဆန္ဒပြ ကရင်နီ လူငယ်များဖြင့် ဖွဲ့စည်းထားသည့် ကရင်နီပြည် ပြည်သူများကိုယ်စားပြုညှိနှိုင်းရေးကော်မတီကို လာရောက်တွေ့ဆုံ ညှိနှိုင်းခြင်း မပြုသေးကြောင်း ကိုဒီးဒီးက ပြောဆိုသည်။

 ယင်းအတွက်ကြောင့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကိစ္စနှင့်ပတ်သက်ပြီး  တစ်လအတွင်း ညှိနှိုင်း ဆောင်ရွက်ရမည် ဖြစ်သောကြောင့် ကြေးရုပ်တုဖြစ်မြောက်ရေးကော်မတီအနေဖြင့် ကရင်နီလူငယ်များဆီ ဆက်သွယ်ရန်လိုအပ်နေသည် ဟုလည်း ၄င်းကဆိုသည်။

 “ကျွန်တော်တို့က ဒီကြေးရုပ်တုဟာ တစ်နိုင်ငံလုံးအတွက်ကော ပြည်နယ်အတွက်ကော အရမ်းအရေးကြီး တယ်ပေါ့နော်။ လေးလေးနက်နက်ထားတယ်။ စနစ်တကျနဲ့ ကော်မတီတွေဖွဲ့တယ်။ သူတို့ဘက်ကတော့ သိရဲ့သားနဲ့ အခုလိုလုပ်တာတော့ မရိုးသားဘူးလို့ပဲ ယူဆပါတယ်” ဟု ကိုဒီးဒီးက ဆိုသည်။

 ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ဆန္ဒပြကရင်နီလူငယ်တို့အကြား ရရှိခဲ့သည့် သဘောတူညီချက်များထဲတွင် ဆန္ဒပြလူငယ်များအပေါ် တရားစွဲဆိုထားမှုများအား ရုတ်သိမ်းပေးရန် နှင့် ကရင်နီလူငယ်များမှ ဆန္ဒပြမှုများကို ရပ်ဆိုင်ပေးရန်တို့ ဖြစ်သည်။

 ယင်းအပြင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုနှင့် ပတ်သက်ပြီး ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီ နှင့် ကန့်ကွက်သူ ကော်မတီတို့ အကြား သီးခြားစီ ညှိနှိုင်းဆွေးနွေးရန် ၊ ထိုသို့ ဆွေးနွေးနေစဉ်အတွင်း ဗိုလ်ချုပ် ရုပ်တုအား ကန့်ကွက် ထောက်ခံပွဲ မပြုလုပ်ရန် ၊ ညှိနှိုင်းရရှိလာသည့် အချက်များအား အစိုးရမှ တစ်လအတွင်း အကောင်အထည်ဖော်ပေးရန် ၊ အစိုးရဘက်မှ ပျက်ကွက်ပါက ဗိုလ်ချုပ်ကြေးရုပ်တုကို သက်ဆိုင်ရာရုံးကို ပြန်လည်ရွှေ့ပြောင်းပေးရန် တို့ ဖြစ်သည်။

 အဆိုပါ သဘောတူညီချက်များကို ဆန္ဒပြ ဦးဆောင်ကော်မတီဝင် ခူးဦးရယ် နှင့် ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဝင်းတို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly