“အင်န်အယ်လ်ဒီက ကောင်းကောင်းမွန်မွန် ပြင်ဆင်ထားပုံ မရဘူး၊ လူကြိုက်ကတော့ များနေတုန်းပဲ” (၁)

“အင်န်အယ်လ်ဒီက ကောင်းကောင်းမွန်မွန် ပြင်ဆင်ထားပုံ မရဘူး၊ လူကြိုက်ကတော့ များနေတုန်းပဲ” (၁)
၂ဝဝဝ မှ ၂ဝဝ၃ အထိ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ကြီးအဖြစ်  တာဝန်ယူခဲ့သူ ထရီဗာဝယ်လ်ဆန်။

ထရီဗာဝယ်လ်ဆန်က ၂ဝဝဝ ကနေ ၂ဝဝ၃ အထိ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ကြီးအဖြစ် တာဝန် ထမ်းခဲ့ပါတယ်။ အဲဒီကာလတုန်းက မြန်မာစစ်အစိုးရ  အာဏာကို အကြွင်းမဲ့ ထိန်းချုပ် ထားတဲ့ အချိန်ပါ။ စစ်ဗိုလ်ချုပ်တွေဟာ ၁၉၉၆၊ ၁၉၉၈ ကျောင်းသား ဆန္ဒပြပွဲ နှစ်ခုကို အောင်မြင်စွာ ဖြိုခွဲခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ်အကျယ်ချုပ် နှစ်ကြိမ် ချခဲ့ပါတယ်။   ဒုတိယတစ်ကြိမ်က ဒေါ်စုရဲ့ ယာဉ်တန်းအုပ်စုဖွဲ့ လုပ်ကြံ တိုက်ခိုက် ခံရတဲ့နောက်ပိုင်းမှာဖြစ်ပြီး သတင်း၊ သီချင်း၊  ရုပ်ရှင်ဇာတ်ကား မှန်သမျှ ဆင်ဆာ ဖြတ်တောက်ခံရချိန်လည်း ဖြစ်ပါတယ်။

ဝယ်လ်ဆန်က သံတမန် ဝန်ထမ်းအဖြစ်ကနေ အနားယူပြီး နောက်ပိုင်းမှာလည်း မြန်မာ့အရေးနဲ့ ပတ်သက်လို့ တက်တက်ကြွကြွ ဆက်လက် ပါဝင်နေရင်းကနေ ၂ဝဝ၃ အောက်တိုဘာမှာတော့ သြစတြေးလျနိုင်ငံတော် တက္က သိုလ်၊ နိုင်ငံရေးနှင့် လူမှုအပြောင်းအလဲ ဌာနရဲ့ မြန်မာပြည်ရေးရာ အဖွဲ့ဝင်တစ်ဦး ဖြစ်လာပါတယ်။ မြန်မာပြည်ကို ပြန်ရောက်လာတတ်ပြီး ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ဆောင်းပါးအများအပြား ရေးသားခဲ့ပါတယ်။

Konrad Adenauer-Stiftung အဖွဲ့ရဲ့ အစီအစဉ်နဲ့  စက်တင်ဘာလကုန်ပိုင်း နေပြည်တော်မှာ ကျင်းပတဲ့ “ရွေးကောက်ပွဲနှင့် ကျင့်ဝတ်များ” ဆွေးနွေးပွဲမှာ Myanmar Now ရဲ့ သတင်းထောက်ချုပ်က ဝယ်လ်ဆန်နဲ့ သီးခြား တွေ့ဆုံ မေးမြန်းခွင့် ရခဲ့ပါတယ်။

မေး ။    ။ ပထမဆုံးအကြိမ် မြန်မာနိုင်ငံကို ရောက်ရှိစဉ်နဲ့ အခုအချိန်မှာ ဘာတွေ ပြောင်းလဲသွားပြီလို့ ထင်ပါသလဲ။

ဖြေ ။    ။ အရင်တုန်းက ဘယ်လောက်အထိ အခက်အခဲတွေ ကြုံခဲ့ရတယ်ဆိုတာ မပြောပြနိုင်အောင်ပါပဲ။ ၂ဝဝဝ ပြည့်နှစ် လောက်တုန်းက လူငါးဦးထက်ပိုပြီး စုဝေးတာကို အစိုးရက ခွင့်ပြုမထားပါဘူး။ စာပေစိစစ်ရေးက မစစ် ဆေးဘဲနဲ့ ဘာကိုမှ ပုံနှိပ်ထုတ်ဝေလို့ မရပါဘူး။ အခုအခါမှာတော့ လွတ်လပ်စွာ ပြောဆိုခွင့် ရလာပါပြီ။ အသင်းအဖွဲ့တွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ တွေ့ဆုံခွင့်နဲ့ ဆန္ဒထုတ်ဖော် မှုတွေနဲ့ ပတ်သက်လို့ ပြောင်းလဲမှုတွေ အများကြီး ရှိခဲ့ပါတယ်။ ဆန္ဒပြဖို့ စီစဉ်သူအချို့ဟာ ခွင့်ပြုမိန့်ကျမှာ မဟုတ်မှန်း သိသိနဲ့ တမင်စီစဉ်တယ်၊ ပြီးတော့ ဆန္ဒပြပြီး အဖမ်းခံရအောင် လုပ်တယ်လို့ ကျွန်တော် ထင်တယ်။ ဆန္ဒပြပွဲတွေ၊ တွေ့ဆုံပွဲတွေအတွက် ခွင့်ပြုချက်ပေးရ မယ့် အရာရှိတွေကလည်း မကြာခဏဆိုသလို ဘာမှ အကြောင်းမပြန် အဖြေမပေးကြတာဟာ သူတို့ကိုယ်တိုင် ဘယ်လို ဆုံးဖြတ်ရမယ်မှန်း မသိလို့ ဖြစ်နိုင်ပါတယ်။ သူတို့အနေနဲ့ ဟိုးအရင်က အတွေးအခေါ်တွေ ရှိနေပါသေးတယ်။

၂ဝ၁ဝ ပြည့်နှစ် ကျွန်တော်ဒီမှာ ရှိတုန်းက ရွေးကောက်ပွဲအတွက် တစ်သီးပုဂ္ဂလ အမတ်လောင်းတွေအဖြစ် မှတ်ပုံတင်ထားတဲ့ သူတွေက သူတို့တွေ ဘာလုပ်လို့ရတယ်၊ ဘာကိုတော့ လုပ်လို့ မရဘူးဆိုတ သိကြတာ မဟုတ် ဘူး။ ဆိုပါစို့ ...တစ်အိမ်အိမ်မှာ အစည်းအဝေး လုပ်မယ်ဆိုရင် အဲဒီအစည်းအဝေးကို တက်ရင် အဖမ်းခံရမှာ၊ နှောက်ယှက်ခံရမှာကို အိမ်နီးချင်းတွေက ကြောက်ကြတယ်။ တကယ်ကို ခက်ခက်ခဲခဲပါပဲ။ ကျွန်တော်ကြားရသ လောက် အဲဒီလို အနေအထားတွေ နည်းနည်း ကျန်နေပါသေးတယ်။ နောက်တော့လည်း ပြောင်းလဲ သွားနိုင်ပါတယ်။

အကျင့်ပျက် ခြစားမှု၊ မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်မှု၊ လူကုန်ကူးမှုတို့နဲ့ ပတ်သက်ပြီး အစိုးရဘက်က ဝန်ခံ ပြောကြားတာတွေ ပိုရှိလာပါတယ်။ ၂ဝဝဝ ပြည့်နှစ် ဝန်းကျင်လောက်ကကိုပဲ ဒီနယ်ပယ်တွေမှာ တိုးတက်စ ပြုနေပါပြီ။ မြန်မာအစိုးရက ငွေကြေးခဝါချမှု တိုက်ဖျက်ရေး လုပ်ဆောင်ဖို့ ကြိုးစားခဲ့တာ ကျွန်တော် မှတ်မိပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဥပဒေကြမ်း ၇ ခုရခဲ့ပြီး အဆင့်တိုင်း မှာပြည်သူတွေနဲ့ ဆွေးနွေး ညှိနှိုင်းပါတယ်။ သူတို့ဆွေးနွေးတဲ့ ပုံက ခင်ဗျားတို့ ကျွန်တော်တို့ နားလည်ထားတဲ့ ပုံစံမျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့လည်း ကြိုးတော့ ကြိုးပမ်းခဲ့ကြပါ တယ်။  အသေးစား စီးပွားရေး လုပ်ငန်းတွေ၊ ပုဂ္ဂလိက လုပ်ငန်းတွေ ထပ်ပြီး ပေါ်လာတယ်။ စီးပွားရေး လုပ်ငန်းတွေ ပိုလုပ်လာနိုင်ကြတယ်။ ကျွန်တော်ဒီမှာ သံအမတ်တာဝန် ယူတုန်းမှာပဲ တက္ကသိုလ်တွေ ကိုပြန်ဖွင့်နေ ပြီ။ကျောင်းသား တွေ မြန်မြန်ဆန်ဆန်ပဲ ဘွဲ့ရကုန်ကြတယ်။ အလုပ်တော့ မရကြဘူးပေါ့။  

မေး ။    ။ ဘယ်ကဏ္ဍတွေမှာ မပြောင်းလဲသေးဘူးလဲ။

ဖြေ ။    ။ စစ်တပ်က ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေတာ၊ အင်အားအလွဲသုံးစား လုပ်နေတာတွေကတော့   အများကြီး မပြောင်းသေးဘူးပေါ့။ နည်းနည်း တိုးတက်လာပေမယ့် လုံလောက်ပြီလို့တောင် မပြောနိုင်ပါဘူး။ စစ်တပ် က သူတို့ အကျိုးစီးပွားအတွက် မြေသိမ်းနေတုန်းပါ။ ဒါကတော့ တကယ့်ကို စိတ်ပျက်စရာပေါ့။ စစ်တပ်က နောက် ကွယ်မှာ ဆက်ပြီး ချုပ်ကိုင်နေတုန်းပါ။ အကောင်းဘက်ကိုရွေ့ လာမှာလေးတွေတော့ ရှိပါတယ်။ သူတို့ အရင်လိုတော့ သိပ်ပြီး တူးတူးခါးခါး မလုပ်တော့ဘူး။ သူတို့ကို လာကန့်သတ်ဖို့တော့ ဘယ်သူ့ကိုမှ  ခွင့်မပြုသေးပါဘူး။

တရားစီရင်ရေး စနစ်ကလည်း မပြောင်းလဲသေးပါဘူး။ အကျင့်ပျက်ခြစား၊ အရည်အချင်း မပြည့်ဝတဲ့ တရား သူကြီးတွေ ရှိနေတုန်းပဲ။ ရန်ကုန်မှာ ယာဉ်ကြောပိတ်ဆို့မှုတွေက ပိုဆိုးလာတယ်၊  လမ်းတွေက လည်းအများကြီး မပြောင်းလဲသေးဘူး။ နိုင်ငံရဲ့ ကြွယ်ဝ တိုးတက်မှုဟာလည်း အများကြီး မရှိသေးဘူး။ တစ်နည်းပြောရရင် တိုးတက်မှု နည်းနည်း လောက်လေး ရှိတာတောင် အဲဒါကို ပြည်သူလူထုကြီးက မခံစားရဘူး။ စီးပွားရေး ကောင်းမွန်လာမှုအပေါ် ပြန်လည် ခွဲဝေ အသုံးချဖို့ ကောင်းမွန်တဲ့စနစ် မရှိဘူး။ မူဝါဒချမှု စနစ်တွေ၊ အစိုးရရဲ့ အုပ်ချုပ်ရေး စနစ်တွေက ကျန်းမာရေး၊ ပညာရေးနဲ့ အခြားကဏ္ဍတွေမှာ တိုးတက်ဖို့ရာအတွက် အများကြီး ဖွံ့ဖြိုး မလာသေးပါဘူး။ ကျန်းမာရေး ကဏ္ဍမှာ ဘဏ္ဍာငွေတစ်ဆင့် ခွဲဝေသုံးစွဲမှု လုံးဝကို တိုးတက်မလာသေးဘူး။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ တကယ်ရှိရမယ့် ပုံစံမျိုး ထက် ပိုဆင်းရဲတဲ့ ပုံစံမျိုး ပေါက်နေတာပါ။

မေး ။    ။ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် သမိုင်းကြောင်းက ဘယ်လို အဆုံးအဖြတ် ပေးသွားမယ်လို့ ထင်ပါသလဲ။

ဖြေ ။    ။ သမိုင်းကြောင်းက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပြီး တန်ဖိုးဖြတ်မယ်လို့ မထင်ပါဘူး။ သူက သန့်စင် မွန်မြတ်သူ တစ်ဦးအဖြစ်နဲ့ အမြဲ သတ်မှတ် ခံသွားရမှာပါ။ သူ့ကို နိုင်ငံရေးပါး မဝဘူး၊ အတ္တလည်း ကြီးတယ်လို့ ထင်ထားကြတဲ့ မြန်မာတွေ အများကြီးရှိတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ဒီလိုလည်း  အမြဲတမ်း ထင်နေကြမှာ မဟုတ်ပါဘူး။ နိုင်ငံတကာ မီဒီယာတွေအနေနဲ့ ဒီလို ကိစ္စမျိုးတွေကို မဖော်ပြချင်ပါဘူး။

ဦးသိန်းစိန်ကိုကျတော့ လျှော့တွက်ထားကြပြီး ထိုက်သင့်သလောက် တန်ဖိုးထား မခံရဘူးလို့ ထင်ပါတယ်။ သူလုပ်ဆောင်ဖို့ ကြိုးပမ်းနေတဲ့ ဟာတွေ ပြည့်ပြည့်ဝဝ မဆောင်ရွက်ရသေး၊ အကောင်အထည် အဖော်မခံရသေး တော့ ဖြစ်သင့် ဖြစ်ထိုက်သလောက်၊ ရသင့်သလောက် ရလဒ်ကောင်းတွေ များများစားစား ရမလာခဲ့ပါဘူး။

အမှန်တကယ်တော့ သူက တမူထူးခြားတဲ့ စွမ်းဆောင်ရည်ရှိတဲ့ လူတော်သူတစ်ဦးလို့ ထင်ပါတယ်။ ကျွန်တော် အမြဲ ရေးခဲ့သလိုပါပဲ အပြောင်းအလဲတွေ အားလုံး၊ ပြုပြင်မှုတွေ အားလုံးဟာ သူ့ဆီကနေပဲ လာခဲ့တာပါပဲ။ အခြေခံဥပ ဒေ ရေးဆွဲတုန်းက သူကြီးကြပ်ခဲ့တာပါ။ ဒီအခြေခံ ဥပဒေထဲမှာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်တွေ ပါပါတယ်။  တကယ် လည်း ဒါဟာ အကောင်အထည် ဖော်ရမယ့် အရာပါ။ ဒါကြောင့်လည်း အခြားဥပဒေတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေ လိုတာပေါ့။ ဒါပေမဲ့ ဦးသိန်းစိန်က နည်းနည်းတော့ တမူကွဲအောင် လုပ်ခဲ့တယ်လို့ ထင်တယ်။ ငွေကြေးလဲလှယ်မှု နှုန်းလိုဟာမျိုး ကိစ္စတချို့ကို သူတို့ လုပ်ကြပါတယ်။ သူတို့ ဘယ်တော့မှ ဒီငွေလဲနှုန်း ကိစ္စကို ကိုင်မှာ မဟုတ်ဘူးလို့ လူတွေက အမြဲပြောခဲ့ကြပေမယ့် သူတို့ ကိုင်တွယ်ခဲ့ပါတယ်။ မြန်မြန်ဆန်ဆန်လည်း ကိုင်တွယ်ခဲ့ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly