ဘင်္ဂါလီများကို ကမန်အဖြစ် နိုင်ငံသားကတ်ထုတ်ပေးရန် ထောက်ခံသူများ၏ စာရင်းကိုထုတ်ပေးရေးအဆို ရခိုင်လွှတ်တော် လက်ခံ

ဘင်္ဂါလီများကို ကမန်အဖြစ် နိုင်ငံသားကတ်ထုတ်ပေးရန် ထောက်ခံသူများ၏ စာရင်းကိုထုတ်ပေးရေးအဆို ရခိုင်လွှတ်တော် လက်ခံ

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၃ ။            ။ ကမန်လူမျိုးအမည်ဖြင့် နိုင်ငံသားကတ်ထုတ်ပေးထားသည့် ဘင်္ဂါလီများ၏ အမည်စာရင်းနှင့် မိသားစု မျိုးရိုးစဉ်ဆက်ဇယား ၊ ကတ်ထုတ်ပေးရန် ထောက်ခံပေးခဲ့သူများ၏ အမည်စာရင်းကို ထုတ်ပေးရေး အဆိုအား ဆွေးနွေးရန် ရခိုင်ပြည်နယ် လွှတ်တော်က ယနေ့ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် လက်ခံလိုက်သည်။

ရခိုင်ပြည်နယ် ၊ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာ၌ နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးထားသူ ၃၃၀၆ ဦး၏ အမည်စာရင်းနှင့် ၄င်းတို့၏မိသားစု မျိုးရိုးစဉ်ဆက် ဇယားတို့အပြင် နိုင်ငံသားကတ်ထုတ်ပေးရန် ထောက်ခံ ပေးခဲ့သူများ၏ အမည်စာရင်းကို ရခိုင်ပြည်နယ် လွှတ်တော်သို့ ပေးပို့ရန် ပြည်နယ်အစိုးရအား တိုက်တွန်း ကြောင်းအဆိုကို ကျောက်ဖြူ မဲဆန္ဒနယ် မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက တင်သွင်းခဲ့ခြင်း လည်း ဖြစ်သည်။

တင်သွင်းခဲ့သည့်အဆိုနှင့်ပတ်သက်ပြီး ၁၉၂၃ ခုနှစ် နိုင်ငံတော်လျှိူ့ဝှက်ချက် ဥပဒေအရ ကန့်သတ်ထားခြင်း ကြောင့် စာရင်းဇယားများကို ပေးအပ်နိုင်ခြင်းမရှိကြောင်း ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်က ပြန်လည်ချေပခဲ့သည်ဟု အဆိုအား ဆက်လက်ဆွေးနွေးရန် ထောက်ခံခဲ့သူ တစ်ဦး ဖြစ်သည့် ဘူးသီးတောင် မဲဆန္ဒနယ် မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက မဇ္စျိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေဆိုခဲ့သည်။

“လွှတ်တော်ဆိုတာဟာ အများပြည်သူရဲ့ အကျိုးအလို့ငှာ ဖြစ်လာတဲ့အတွက်ကြောင့် မကြည်မလင်ဖြစ်နေတဲ့ အခြေအနေတွေကို သိသင့်သိထိုက်တဲ့ စာရင်းဇယားတွေကို လွှတ်တော်နည်းဥပဒေ ၆၄ အရ ကျွန်တော်တို့ သိခွင့်ရှိတယ်။ ဒီအတွက်ကြောင့် တောင်းတာဖြစ်တယ်” ဟု ဦးထွန်းအောင်သိန်းက ဆိုသည်။

အဆိုနှင့် ပတ်သက်ပြီး ကန့်ကွက်မည့်သူမရှိသောကြောင့် ဆက်လက်ဆွေးနွေးသွားမည်ဟု လွှတ်တော်ဥက္ကဋ္ဌက ဆုံးဖြတ်ခဲ့ပြီး ပါဝင်ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များအနေဖြင့် ဖေဖော်ဝါရီ ၁၅ ရက်နေ့ နောက်ဆုံးထားကာ စာရင်းပေးရမည်လည်းဖြစ်သည်။

ကျောက်နီမော်ရွာရှိ ဘင်္ဂါလီများအား ကမန်လူမျိုးအမည်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခဲ့ခြင်းအပေါ် ကမန်အမျိုးသားပါတီအပါအဝင် ရခိုင်နိုင်ငံရေးပါတီများ ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများက ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly