ရဲသွေးနီ၏ လျင်မြန်သော လက်သီးချက်များအကြောင်း

ရဲသွေးနီ၏ လျင်မြန်သော လက်သီးချက်များအကြောင်း

မြန်မာနိုင်ငံတွင် ၂၀၁၅ခုနှစ်မှ စတင်၍ ONE Championship အဖွဲ့အစည်းသည် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲများကို မြန်မာ ပရိသတ်များထံ စတင်မိတ်ဆက်ပေးခဲ့ပြီး  မြန်မာ့ရိုးရာ လက်ဝှေ့သမားများလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

မြန်မာ့ရိုးရာလက်ဝှေ့သမားများ အကြားတွင် ရဲသွေးနီသည် ခန္ဓာကိုယ် သေးကွေးသော်လည်း လျင်မြန်သော ခြေရွှေ့ကွက်များနှင့် မြန်ဆန်သော လက်သီးချက်များကြောင့် ပြိုင်ဘက်အားလုံး၏ လေးစားခြင်းကိုခံရသည်။ ၎င်းသည် လျင်လျင်မြန်မြန် တိုက်စစ်ဆင်ပြီး  ပြိုင်ဘက်ကို ဖိအားပေးနိုင်သည့် ကစားသမားတစ်ဦးလည်းဖြစ်သည်။

ရဲသွေးနီသည် ပြိုင်ဘက်ကို မတ်ရပ်တိုက်ခိုက်သည့် ကစားကွက်ဖြင့် လူချင်းပူးသတ်ပြီး ပြိုင်ဘက်၏တိုက်စစ်ဆင်ကို တန်ပြန်တိုက်စစ် ဘယ်ညာ ပင့်လက်သီးများဖြင့် ချိန်သားကိုက် တိုက်စစ်ဆင်တက်သူဖြစ်သည်။ ၎င်း၏ လျင်မြန်ပြီး အရှိန်ပြင်းအားကောင်းသည့် လက်သီးချက်များအောက်တွင် လဲကျရှုံးနိမ့့်ခဲ့ရသော ပြိုင်ဘက်များစွာရှိသည်။

ရဲသွေးနီ၏ လျင်မြန်သော လက်သီးချက်များသည် ရိုးရာလက်ဝှေ့တွင်ပင် အစဉ်အလာကြီးမားသည်မဟုတ်ပေ။ One Championship: Pursuit of Greatness ပြိုင်ပွဲကြီးတွင်လည်း ကြိုးဝိုင်း အတွေ့အကြုံနှင့် ထိုးလုံးသတ်ကွက် ပိုသာသည့် လက်ဝှေ့သမား မိုက်ရိုင်းကို ရဲသွေးနီက ၎င်း၏ လျင်မြန်သော လက်သီးချက်များဖြင့်  အသာစီးယူနိုင်ခဲ့ခြင်းဖြစ်သည်။

ဒါကြောင့် ရဲသွေးနီ၏ လျင်မြန်ပြီး မှန်မှန်ကန်ကန်နဲ့ထိထိရောက်ရောက် ထိုးနိုင်သည့် လက်သီးချက်တွေ အကြောင်းကို ရေးသားဖော်ပြလိုက်ရပါသည်။

■သဲအိတ်များနဲ့လေ့ကျင့်ခြင်း

လက်ရှိကျင်းပနေသည့် ကိုယ်ခံပညာသိုင်ပေါင်းစုံ ပြိုင်ပွဲများတွင် အောင်လအန်ဆန်းမှလွဲ၍ အခြားမြန်မာတိုက်ခိုက်ရေးသမားအများစုသည် ရိုးရာလက်ဝှေ့ မှတဆင့်ပေါ်ထွက်လာခြင်း ဖြစ်သည်။ ထို့ကြောင့် မတ်ရပ်ကစားကွက်များနှင့် ထိုးသတ်သည့် ပုံစံကိုသာ ထူးချွန်ကျွမ်းကျင်ကြသည်။ ရဲသွေးနီ၏ အဓိကလေ့ကျင့်ရေး အဖော်ကတော့ သဲအိတ်များပင်ဖြစ်သည်။  ရိုးရာလက်ဝှေ့ကလပ်မှ နည်းပြများ၏ နည်းစနစ်များနှင့်အတူ ရဲသွေးနီသည် ထိုးချက်များ ပိုမို မှန်ကန် လျင်မြန်လာစေရန် အတွက် လေ့ကျင့်မှုပေါင်းစုံကို ပြုလုပ်လျက်ရှိသည်။

''အဓိကကျတာကတော့ ကိုယ်ထိုးလိုက်တဲ့ လက်သီးချက်ဟာ ထိုးချင်တဲ့နေရာကို ထိဖို့အရေးကြီးတယ်။ ကျွန်တော်က လူကောင်သေးတဲ့အတွက် အပေါ်ပိုင်းကိုထိုးဖို့ ဝိုက်လက်သီးတွေကို သုံးဖို့ထက် ပြိုင်ဘက်ရဲ့ဗိုက်ထဲကိုထိုးဖို့ပိုပြီး အလေးထားလေ့ကျင့်ရတယ်။ ကျွန်တော့်ရဲ့အဓိကလေ့ကျင့်ရေးအဖော်ကတော့ သဲအိတ်တွေပါပဲ။ ဒီလိုလျင်လျင်မြန်မြန်နဲ့ကိုယ်ထိုးချင်တဲ့နေရာကို ပြင်းအားကောင်းကောင်းနဲ့ ထိအောင်ထိုးနိုင်ဖို့ သဲအိတ်တွေနဲ့အဓိကလေ့ကျင့်ပါတယ်။''လို့ရဲသွေးနီက ဖွင့်ဟခဲ့သည်။

ရဲသွေးနီ၏  ပြိုင်ပွဲွတွေကို ထိုးသတ်ပုံမှာ အပူးအချုပ်ထက် ပြိုင်ဘက်ကို တရစပ်ဖိအားပေးထိုးသတ်တာဖြစ်ပြီး ၎င်း၏ ဘယ်ညာ ပင့်လက်သီးတွေကို မှန်မှန်နဲ့မြန်မြန် ပြိုင်ဘက်၏ နံရိုးကြားကို တရစပ်တိုက်ခိုက်တာမျိုး ဖြစ်သည်။

ရဲသွေးနီသည် လက်သီးထိုးချက်ဖြင့် ၎င်းကျွမ်းကျင်သော ရိုးရာလက်ဝှေ့ လက်သီးထိုးချက်တိုင်းကို အာရုံစူးစိုက်ထားပြီး နည်းစနစ်မှန်မှန်နှင့် ဗျူဟာကျကျ ပြိုင်ဘက်ကို ဖိအားပေးတတ်သော တိုက်ခိုက်ရေးသမားဖြစ်သည်။

■လျင်မြန်မှုတည်ဆောက်ခြင်း

လျင်မြန်မှုသည် ရဲသွေးနီအတွက် မှန်မှန်နဲ့ မြန်မြန်ထိုးသတ်ပြီး ထိရောက်တဲ့ထိုးသတ်မှုများ ရရှိရန် အရေးကြီးသည့် ကဏ္ဍတစ်ရပ်ဖြစ်သည်။

''ပွဲတစ်ပွဲထိုးရတော့မယ်ဆိုရင် ပြိုင်ဘက်ရဲ့ အားသာချက်အားနည်း ချက်ကို အဓိကထားပြီးလေ့လာပါတယ်။ ပြီးမှဘယ်လိုထိုးသတ်မယ်ဆိုတာ ဆုံးဖြတ်တယ်။ မိုက်ရိုင်းနဲ့ ထိုးသတ်ခဲ့တဲ့ပွဲစဉ်တုန်းကဆိုရင် သူရဲ့ခြေကန်ချက်တွေကအဓိက ဒုက္ခပေးခဲ့တာပဲ။ ဒါပေမယ့် ကျွန်တော်က ထိထိ မိမိနဲ့ လက်သီးချက်တွေ ထိုးနိုင်အောင်ကြိုးစားခဲ့တယ်''
 ဟု  ရဲသွေးနီက အတိတ်ကို ပြန်ပြောင်းပြောဆိုသည်။

၎င်းသည် ယခုလို လက်သီးချက်တွေ မြန်မြန်နှင့် မှန်မှန်ကန်ကန် လိုချင်တဲ့ပြင်းအားအတိုင်း ထိုးချင်တဲ့နေရာဆီ ရောက်ရှိရန် အပြင်းအထန်လေ့ကျင့်ခဲ့ရသည်။ ရဲသွေးနီး၏ တိုက်စစ် အဓိကတည်ဆောက်ပုံမှာ အသက်ရှုခြင်းနှင့် အချိုးကျနေပြီး လေကို အဆုတ်ထဲရှုသွင်းလိုက်သည့်အချိန်တွင် လက်သီးချက်ကို
 ထိုးမည့်နေရာဆီ ပစ်လွှတ်လိုက်ခြင်းဖြစ်သည်။ ထိုသို့ လက်သီးတစ်ချက်ချင်းစီအတွက် အားအပြည့်နှင့် ထိုးသတ်နိုင်ရန်အတွက် အသက်ရှုသွင်းပုံကိုပါ ပြင်ဆင်လေ့ကျင့်ရသည်။  အသက်ပုံမှန်ရှုသွင်းပြီ ထိုးသတ်မည့် လက်သီးချက်တိုင်းအတွက် ရည်မှန်းရာ ထိချက်ရောက်ရန်ပြင်ဆင်ရသည်။

ထိုသို့လုပ်ဆောင်နိုင်ရန် သက်လုံနဲ့ ကြံ့ခိုင်မှုအပိုင်းကိုပါ ပြင်ဆင်ထားရပြီး လျင်မြန်မှုတည်ဆောက်နိုင်ရန် အပြေးလေ့ကျင့်ခန်းနှင့် ကြံ့ခိုင်မှု လေ့ကျင့်ခန်းများကို ပြင်းပြင်းထန်ထန် လုပ်ရသည်။

သက်လုံပိုင်းကောင်းလာသည့်အခါ လှုပ်ရှားလိုက်တိုင်း ခန္ဓာကိုယ်၏ အစိတ်အပိုင်းများသည်  လွတ်လပ်သွားပြီး လိုအပ်၍ အသက်အောင့်ပြီး အားယူရမယ်ဆိုလည်း အကောင်းဆုံးပုံစံတွင် ရှိနေလိမ့်မည်။

■အတိအကျအသုံးချခြင်း

''ကျွန်တော်က ရိုးရာလက်ဝှေ့သမားဆိုတော့ လက်ဝှေ့ပဲထိုးတတ်တာပါ။ ကိုယ်ခံပညာပေါင်းစုံသုံးရတဲ့  ပြိုင်ပွဲမှာယှဉ်ပြိုင်ဖို့ရှိလာတဲ့ အခါမှာတော့ ပြိုင်ဘက်ရဲ့ အချုပ်တွေ အပူးအကပ်တွေကို ဖြည်နိုင်ဖို့ရယ် ဖြည်ပြီးတာနဲ့ ကိုယ်က တိုက်စစ်ပြန်စနိုင်ဖို့ရယ်ကို ပြင်ဆင်ရပါတယ်။ပြိုင်ဘက်က ချုပ်တဲ့အခါ
 ကျွန်တော့်ရဲ့လက်သီးချက်တွေက ထိထိမိမိထိုးနိုင်ဖို့အရေးကြီးတယ်။ ဒါကြောင့် အခွင့်အရေးရတဲ့ စက္ကန့်ပိုင်းလေးကို အတိအကျအသုံးချနိုင်ဖို့ကလည်း အရေးကြီးပါတယ်''ဟု ရဲသွေးနီက ဆက်လက်ပြောဆိုသည်။

ရဲသွေးနီသည် ရိုးရာလက်ဝှေ့သမားတစ်ဦးဖြစ်သည့်အတွက် ရိုးရာလက်ဝှေ့နှင့် ပတ်သက်လျှင် အခြေခံနည်းစနစ်ဖြင့် မတ်ရပ်ထိုးသတ်ပုံတွင် ကျွမ်းကျင်သူဖြစ်သော်လည်း နပမ်းစွမ်းရည် နှင့် ကြိုးဝိုင်းအတွင်း ပြိုင်ဘက်ကို ထိန်းချုပ်မှုအပိုင်း၌ အားနည်းချက်အချို့ရှိသည်။  အထူးသဖြင့် ကြိုးဝိုင်းအတွင်း
 ချုပ်ကွက်များနှင့် ကစားရသည့်အခါ အခက်အခဲရှိနေတာကြောင့် ပြင်းထန်သော လေ့ကျင့်မှုများ လုပ်နေရသည်။

''ကျွန်တော်က မချုပ်နိုင်ရင်တောင် ဖြည်နိုင်အောင် ကြိုးစားရမယ်။ သူတို့ မချုပ်ခင်မှာ လက်သီးနဲ့ ထိမိအောင် ထိုးမယ်” ဟု ကိုယ်ခံပညာသိုင်ပေါင်းစုံစင်မြင့်ပေါ်မှာ ဆက်လက်မြင်တွေ့ရဖို့ရှိသည့် ရဲသွေးနီက ဆက်ပြောဆိုခဲ့သည်။

ရဲသွေးနီသည် ONE Championship အဖွဲ့အစည်း၏ ကိုယ်ခံပညာသိုင်ပေါင်းစုံပြိုင်ပွဲများတွင် ပွဲစုစုပေါင်း (၅) ပွဲထိုးသတ်ထားပြီး နောက်ဆုံး (၄) ပွဲအနိုင်ရကာ (၁) ပွဲရှုံးနိမ့်ထားသည်။ အသက် ၂၁ နှစ်အရွယ်ရှိ ရဲသွေးနီသည် ရိုးရာလက်ဝှေ့ပြိုင်ပွဲပေါင်း ၅ဝ ကျော် ယှဉ်ပြိုင်ထားပြီး တိုင်းနှင့်
 ပြည်နယ် ပွဲများတွင် ရွှေတံဆိပ် ၂ ခု ရရှိထားခဲ့သည်။

ထို့အပြင် ပြည်တွင်း ရိုးရာလက်ဝှေ့ပွဲစဉ်စုစုပေါင် ပွဲ (၅၀) ကျော်ထိုးသတ်ထားပြီး ၎င်းသည် ပြီးခဲ့တဲ့ One Championship: Pursuit of Greatness ပြိုင်ပွဲကြီးတွင် စတောဝိတ်တန်းထဲတွင် မြန်မာနိုင်ငံသား အကောင်းဆုံးကစားသမား မိုက်ရိုင်းကို အနိုင်ရခဲ့သူဖြစ်သည်။

လက်ရှိအချိန်တွင် ရဲသွေးနီသည် ရိုးရာလက်ဝှေ့ပြိုင်ပွဲတွေအပြင် ကိုယ်ခံပညာရပ်ပေါင်းစုံသုံးရသည့် ကိုယ်ခံပညာသိုင်ပေါင်းစုံပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်ရန် ဆန္ဒရှိနေပြီး ပြည်ပပြိုင်ဘက်များနှင့်ထိုးသတ်ကာ နိုင်င့ံဂုဏ်ဆောင်နိုင်ရန် ရည်မှန်းလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly