မြိတ်တွင် ပြင်ပငါးဖမ်းလှေများဝင်ရောက်ခိုးဖမ်းနေမှု အရေးယူဖို့ ခက်ခဲနေ

မြိတ်တွင် ပြင်ပငါးဖမ်းလှေများဝင်ရောက်ခိုးဖမ်းနေမှု အရေးယူဖို့ ခက်ခဲနေ

မြိတ်၊ ဖေဖော်ဝါရီ ၁၂ ရက်။                ။ တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်ရှိ ငါးဖမ်းလုပ်ကွက်များထဲတွင်  ရေအောက် ငါးသယံဇာတများ ရှားပါး လာခြင်းတို့ကြောင့် ကျေးရွာရှိ ဒေသခံ ပြည်သူများမှ စုပေါင်း၍ အဏ္ဍဝါရေပြင် ငါးထိန်းသိမ်းရေး ဧရိယာ ဇုန်ထဲ၌ ကမ်းဝေးငါးဖမ်းလှေများနဲ့ အခြားငါးဖမ်းလှေများ ညဖက်တွင် မကြာခဏ ဝင်ရောက် ခိုးဖမ်းနေမှုများ ရှိနေပြီး အရေးယူရန် အခက်တွေ့နေရသည်ဟု သိရသည်။

အပြည်ပြည် ဆိုင်ရာ တောရိုင်း တိရစ္ဆာန်နှင့် သဘာဝ အပင်အဖွဲ့ (FAUNA & FLORA INTERNATIONAL) ၏ အကူညီဖြင့် မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင် အတွင်းရှိ ကျေးရွာ ၃ ရွာတွင် ဒေသခံများ ကိုယ်တိုင် စီမံခန့်ခွဲ နိုင်သော အဏ္ဍဝါရေပြင် ငါးထိန်းသိမ်းရေး ဧရိယာဇုန်ဖြင့် ၂၅၀၀၀ ဧက နီးပါးကို အစိုးရ၏ တရားဝင် ခွင့်ပြုချက်နဲ့ ပြုလုပ်လျက်ရှိနေသည်။

 “အခု ဆိုလျှင် ကျွန်တော်တို့ ဒေသခံတွေ အစုအဖွဲ့ပိုင် အနေနဲ့ ရေပြင် ထိန်းသိမ်းရေး ဇုန်တွေ လုပ်လာခဲ့တဲ့ နောက်ပိုင်း ၂ နှစ် အတွင်းမှာ ငါးသယံဇာတတွေ ပြန်ပြီး ပေါများလာတာကို ခံစားလာရတယ်၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ရလာတယ်၊ ဒီလိုမျိုး မထိန်းသိမ်း ခင်က ဆိုရင် ကမ်းနီး/ ကမ်းဝေး ငါးဖမ်းလှေတွေ စည်းမဲ့ ကမ်းမဲ့ ဖမ်းဆီးမှုများတော့ ငါးမျိုးတုန်းမှုတွေ ဖြစ်ခဲ့တယ်”လို့ LMMA ၏ ကော်မတီအဖွဲ့ဝင် ဒုံးပုလဲအော် ကျေးရွာနေ ဦးမြမွန်က ပြောဆိုသည်။

အဆိုပါ ဒေသခံများနှင့် ပူးပေါင်း စီမံခန့်ခွဲနိုင်သော အဏ္ဍဝါရေပြင် (Lacally Managed Marine Areas- LMMA) ကျေးရွာများ၏ ရှေ့ဆက် စီမံ ခန့်ခွဲမှု  လုပ်ငန်း စီမံချက် အကြမ်းနှင့် ဒေသ စည်းမျဉ်း စည်းကမ်းများ ရေးဆွဲခြင်း ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို FFI မှ တာဝန်ရှိသူများ၊ ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကော်မတီ ဝင်များနှင့် ဒေသခံ ပြည်သူများဖြင့် ကျွန်းစုမြို့နယ်၊ ရေမြစ်ကြီး ကျေးရွာအုပ်စု၊ ဒုံးပုလဲအော် ကျေးရွာရှိ ကျေးရွာ ဘုန်းတော်ကြီး ကျောင်း ဓမ္မရုံ၌ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် ကျင်းပ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ယင်း အဏ္ဍဝါရေပြင် ဧရီယာ ငါးထိန်းသိမ်းရေး ဇုန်အတွင်း စည်းကမ်း သတ်မှတ်ချက်များဖြင့် ဒေသခံများကို ငါးဖမ်းဆီးခွင့် ပေးထားသော်လည်း စည်းကမ်းမဲ့ ဝင်ရောက် ခိုးဆွဲနေသည့် ကမ်းဝေး ၀ါလတ် ငါးဖမ်းလှေများ၊ ကင်မွန် မီးထွန်းလှေများမှာ ညဘက်၌ ဧရီယာအတွင်း မကြာခဏ ဝင်ရောက် ခိုးဆွဲ နေခြင်း ကြောင့် စောင့်ကြည့် ဖမ်းဆီး ဥပဒေ အရ အရေးယူရန် ခက်ခဲနေသေး ကြောင်း  ယင်း အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက် လာသည့် ဒေသခံများက ထောက်ပြ ပြောဆိုခဲ့သည်။

FFI ၏ အဏ္ဍဝါ ဒေသခံ အစုအဖွဲ့ စီမံကိန်း ခေါင်းဆောင် ဦးစိုးသီဟအောင်က“ကျွန်တော်တို့ FFI အနေနဲ့က ၂၀၁၄ ခုနှစ်က စတင် ပြီးတော့ ရေပြင် ထိန်းသိမ်းရေး လုပ်ငန်းတွေ ဇီဝမျိုးစုံ မျိုးကွဲတွေကို လေ့လာ ထိန်းသိမ်းရေး မှတ်တမ်းတင် လုပ်ငန်းတွေကို စလုပ်ခဲ့တာ ဖြစ်ပါတယ်၊ အဲ့ဒီနောက် ၂၀၁၆ ခုနှစ်မှာ ရေပြင် ထိန်းသိမ်းဖို့ အတွက် ရွာ ၃ ရွာကို ရွေးချယ်ခဲ့ပါတယ်၊ အဲဒီက ဒေသခံတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီးတော့  သူတို့ရဲ့ မိရိုးဖလာ လုပ်ငန်းဖြစ်တဲ့ ငါးဖမ်းဆီးခြင်း လုပ်ငန်းကို ပြန်လည်လုပ်ကိုင်လာနိုင်ဖို့ ငါးသယံဇာတတွေ ပြန်လည်ပြီး မျိုးပွားလာဖို့ ဆိုပြီး၊ သဘောတူညီချက်နဲ့ အစိုးရကို တရားဝင်လျှောက်ပြီးမှ ကျွန်တော်တို့ စခဲ့တာ ဖြစ်တယ်”ဟု ပြောကြား သည်။

ထိန်းသိမ်းရေး ရေပြင် ဧရိယာများမှာ မြိတ်ခရိုင် ကျွန်းစုမြို့နယ်အတွင်းရှိ ရေမြစ်ကြီး ကျေးရွာ အုပ်စု ဒုံးပုလဲ ကျေးရွာတွင် (၄၆၃၇) ဧကနှင့် လင်းလွန်းကျေးရွာမှာ (၈၉၀၇) ဧကနှင့် ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်၊ အလယ်မာန်ကျေးရွာ အုပ်စု၊ လငန်းကျေးရွာ၌ (၁၁၀၉၉) ဧက စုစုပေါင်း (၂၄၆၄၃) ဧက ရှိကြောင်း LMMA ၏ ကော်မတီ အဖွဲ့ဝင် များထံမှ သိရသည်။

၎င်းဒေသခံများ ရေပြင် ထိန်းသိမ်းခြင်း ဆိုင်ရာ ဧရီယာဇုန်အတွင်း စည်းကမ်းမဲ့ ဝင်ရောက် ခိုးဆွဲပါက ပထမ ခံဝန် သတိပေးခြင်း၊ ဒုတိယ ငါးဖမ်းပိုက်နှင့် စက်စပ်ပစ္စည်းများ သိမ်းဆည်းခြင်းနှင့် တတိယ ထိရောက်သည့် ဥပဒေများနဲ့ ဖမ်းဆီး အရေးယူနိုင်ရန် စည်းမျဉ်း စည်းကမ်း ထည့်သွင်း ရေးဆွဲထားကြောင်း သိရသည်။

“ဒီဒေသခံတွေ ထိန်းသိမ်းထားတဲ့ ရေပြင် ဧရီယာထဲမှာ  ပြင်ပ ငါးဖမ်းလှေနှင့် ကမ်းဝေး ငါးဖမ်းလှေတွေ ဝင်ရောက် ခိုးဆွဲနေတာ ရှိပါတယ်၊ ဒါတွေကလည်း အရေးယူဖို့ ဆိုတာက တချို့ အပိုင်းတွေမှာ ကျွန်းတော်တို့ ဧရီယာအတွင်း ကင်းလှည့် ရေယာဉ် အသေးလေးတွေနဲ့ နေ့ဖက်မှာ ခိုးဆွဲတာ မတွေ့ရပေမယ့် ညဖက်တွေမှာ ပြစ်နေတဲ့ ပြဿနာတွေကြောင့်  အရေးယူဖို့ ခက်ခဲနေပါတယ်”လို့ ကျွန်းစုမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနရုံးမှ လက်ထောက်ဦးစီးမှူး ဦးညွန့်လင်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly