ဘာရိန်းနိုင်ငံက အလိုရှိနေတဲ့ ဒုက္ခသည် ဘောလုံးကစားသမား သြစတြေးလျသို့ ပြန်လည်ရောက်ရှိ

ဘာရိန်းနိုင်ငံက အလိုရှိနေတဲ့ ဒုက္ခသည် ဘောလုံးကစားသမား သြစတြေးလျသို့ ပြန်လည်ရောက်ရှိ
Photos: EPA

ဘာရိန်းနိုင်ငံက အလိုရှိနေတဲ့ ဒုက္ခသည် ဘောလုံးကစားသမားတစ်ဦးဖြစ်တဲ့ ဟာကင်မ် အယ်လ်အာရေဘီဟာ ထိုင်းနိုင်ငံမှာ ၂ လကျော်ကြာ ထောင်ထဲမှာ ဖမ်းဆီးထိန်းခံခဲ့ရာမှ ပြန်လွတ်လာပြီးနောက် ဖေဖော်ဝါရီ ၁၂ ရက်၊ အင်္ဂါနေ့က လက်ရှိသူ့ရဲ့ခိုလှုံနေထိုင်ရာ သြစတြေးလျသို့ ပြန်လည် ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

အယ်လ်အာရေဘီဟာ ဖမ်းဆီးချုပ်နှောင်မှုကနေ လွတ်လာပြီးနောက် ညတွင်းချင်း ထိုင်းလေကြောင်းလိုင်း ၄၆၅ နဲ့ ပျံသန်းပြီး အင်္ဂါနေ့က မဲလ်ဘုန်းလေဆိပ်ကို ရောက်ရှိခဲ့ပါတယ်။

"ကျနော် သြစတြေးလျကို ကျေးဇူးတယ်ပါတယ်။"လို့ ပြုံးနေတဲ့ အာရေဘီက "ဒါဟာ ကျနော့်ရဲ့ နိုင်ငံပါ။"လို့ ပြောပါတယ်။

"ကျနော်က နိုင်ငံသားတော့ မဖြစ်သေးပါဘူး။ ဒါပေမယ့် ကျနော့်နိုင်ငံက သြစတြေးလျပါ။ ကျနော် သြစတြေးလျမှာပဲ သေဆုံးမှာဖြစ်ပြီး ဒီနိုင်ငံကို ချစ်ပါတယ်။"လို့ သူက ပြောပါတယ်။

အသက် ၂၅ နှစ်အရွယ် ဘာရိန်းလူငယ်လက်ရွေးစင်ကစားသမားဟောင်း အာရေဘီဟာ အာရပ်နွေဦးလူထုအုံကြွမှုမှာ ဆက်နွယ်မှုရှိခဲ့တယ်လို့ ဘာရိန်းအစိုးရက စွဲချက်တင်ခဲ့တာကြောင့် နိုင်ငံမှ ထွက်ပြေးလာပြီးနောက် သူဟာ သြစတြေးလျမှာ ဒုက္ခသည်အဖြစ် ခိုလှုံနေထိုင်ခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့် သူဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်က သူ့ရဲ့ ပျားရည်ဆမ်းခရီးအတွက် ထိုင်းနိုင်ငံသို့ ထွက်ခွာလာခဲ့ရာ ဘာရိန်းအစိုးရဲ့ တောင်းဆိုချက်ကြောင့် ထိုင်းအစိုးရအာဏာပိုင်တွေက သူ့ကို သုဝဏ္ဏဘူမိလေဆိပ်မှာ ဖမ်းဆီးချုပ်နှောင်ထားခဲ့ပါတယ်။

အာရေဘီဟာ သူအနေနဲ့ ဘာရိန်းကို ပြန်ပို့ခံရမယ်ဆိုရာ သူ့ကို ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံရမှာဖြစ်တယ်လို့ သူ့ရဲ့ ကြောက်ရွံ့မှုကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အာရေဘီရဲ့ ထိန်းသိမ်းမှုအတွက် လွှတ်မြောက်ဖို့အရေးကို ထိုင်းနိုင်ငံသားတွေ၊ ဘောလုံးသမားတွေ၊ လူအခွင့်အရေးလှုပ်ရှားမှုအဖွဲ့အစည်းတွေ၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)၊ သြစတြေးလျနိုင်ငံအစိုးရစတဲ့ အဖွဲ့အစည်းလူပုဂ္ဂိုလ်တွေ ပါဝင်ခဲ့ပါတယ်။

နောက်ဆုံးမှတော့ ဘာရိန်းအစိုးရ၊ ထိုင်းအစိုးရတို့ကို အာရေဘီ လက်ရှိ ခိုလှုံနေထိုင်နေတဲ့ သြစတြေးလျနိုင်ငံ အစိုးရကိုယ်စား နိုင်ငံခြားရေးဝန်းကြီးကပါ ဝင်ရောက်ဖိအားပေးခဲ့ပြီးနောက် ဘာရိန်းအစိုးရက တရားခံလွှဲပြောင်းပေးဖို့ ထိုင်းအစိုးရထံ တောင်းဆိုထားတာကို ပြန်လည် ရုပ်သိမ်းခဲ့သလို၊ ထိုင်းအစိုးရကလည်း အာရေဘီကို ပြန်လွှတ်ပေးဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ခလောင်ပရမ်းရီမန်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ အာရေဘီကို တနင်္လာနေ့က ဘာရိန်းအစိုးရက သူတို့ရဲ့ တောင်းဆိုမှုကို ပြန်လည်ရုပ်သိမ်းခဲ့တယ်လို့ ထိုင်းအစိုးရရှေ့နေချုပ်ရုံးမှ ချက်ချွန်းအက်ခပင်က ပြောပါတယ်။

"ဘာရိန်းနိုင်ငံက သူတို့ရဲ့ တောင်းဆိုမှုကို ပြန်လည် ရုပ်သိမ်းလိုတဲ့အကြောင်းကို ကျနော်တို့ အကြောင်းကြားသွားမှာပါ ... သူတို့ သူ့ကို မလိုချင်တော့ဘူးဆိုရင် ကျနော်တို့က သူ့ကို ဆက်လက်ချုပ်နှောင်ထားဖို့ အကြောင်းမရှိတော့ပါဘူး။"လို့ ချက်ချွန်းအက်ခပင်က ပြောပါတယ်။

အာရေဘီဟာ ၂၀၁၄ ခုနှစ်အတွင်းက ဘာရိန်းနိုင်ငံ ရဲစခန်းမှာ ပစ္စည်းများကို ဖျက်ဆီးခဲ့တဲ့အတွက် အဝေးရောက်ပြစ်ဒဏ်ချမှတ်ခံခဲ့ရသူဖြစ်ပြီး အဲဒီအချိန်မှာ သူဟာ သြစတြေးလျသို့ ထွက်ပြေးခဲ့ပြီးဖြစ်ကာ စွဲချက်များကို ငြင်းဆန်ခဲ့ပါတယ်။

ဒါပေမယ့် အာရေဘီက ဘာရိန်းအစိုးရနဲ့ လက်ရှိအာရှဘောလုံးအဖွဲ့ချုပ် (AFC) ဥက္ကဋ္ဌ ဘာရိန်းတော်ဝင်မိသားစုဝင်ဖြစ်တဲ့ အယ်လ်ခါလီဖာကို ဝန်ဖန်ပြောဆိုမှုများပြုလုပ်ခဲ့တာကြောင့် ဘာရိန်းအစိုးရက အခုလိုသူ့ကို တရားစွဲဆိုမှုလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

အယ်လ်ဘာရေဘီဟာ လက်ရှိအချိန်မှာ သြစတြေးလျပထမတန်းရှိ မဲလ်ဘုန်းအခြေစိုက် Pasco Vale အသင်းမှာ ကစားနေသူဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly