လာမထုတ်သဖြင့် သိမ်းယူထားသော ထီဆုငွေများကို ဆုမဲအဖြစ် ပြန်ထည့်သွင်းပေးရန် စီစဉ်နေ

လာမထုတ်သဖြင့် သိမ်းယူထားသော ထီဆုငွေများကို ဆုမဲအဖြစ် ပြန်ထည့်သွင်းပေးရန် စီစဉ်နေ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁ ။          ။ အကြောင်းအမျိုးမျိုးကြောင့် ထီပေါက်ခြင်းကို မသိရှိသည့်အတွက် လာရောက်ထုတ်ယူခြင်းမရှိသော ဆုမဲငွေများကို နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းယူထားသော်လည်း ထီဆုမဲအဖြစ် ပြန်လည်ထည့်သွင်းပေးရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ စီစဉ်နေသည်။

" ပြည်သူများ မျှော်လင့်ယုံကြည်ချက်များ ပိုမိုတိုးပွားစေပြီးတော့ ဆုမဲအရေအတွက် များပြားလာစေဖို့အလို့ငှာ ဘဏ္ဍာသိမ်းထီဆုငွေများအနက်က ထိုက်သင့်တဲ့ အချိုးအစားကို ထီဆုမဲအဖြစ်နဲ့ပြန်လည် ခွဲဝေပေးနိုင်ရန်စီမံဆောင်ရွက်လျက်ရှိပါတယ်" ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင်၂၀၁၈ခုနှစ်၊ ဧပြီလမှ စက်တင်ဘာ(၆)လပတ် အခွန်ကောက်ခံရရှိမှုအခြေအနေနှင့် ပတ်သက်သည့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးချက်များကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြန်လည်ရှင်းလင်းရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဆုမဲအဖြစ် ပြန်လည်ထုတ်ပေးရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံမှ ခွင့်ပြုချက်ရရှိထားပြီဖြစ်ပြီး သက်ဆိုင်ရာဌာနများ၏ သဘောထားမှတ်ချက်များကို တောင်းခံနေသည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က မဇ္ဈိမသို့ ပြောသည်။

“အခု ဒီ လကုန် ဖြစ်မလား။ ဒါမှ မဟုတ်လည်း ၊ မတ်လကုန် ဖြစ်မလား မသိဘူး။ ကျွန်တော်ထင်တယ်။ နောက်အကျဆုံးတော့ မတ်လကုန် ဖွင့်တဲ့အခါကို ဖြစ်ဖို့များတယ်။ ဒီလကုန်မှီရင်လည်း ဒီလကုန် ထည့်မယ်”ဟု ၄င်းကပြောသည်။

ထိုသို့ ဘဏ္ဍာသိမ်းဆုမဲများထဲမှ  ဆုငွေအဖြစ် ပြန်လည်ချီးမြှင့်မည်ကို ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်သောကြောင့် ထီဆုမဲ အရေအတွက်များလည်း ပိုမိုများပြားလာမည်ဖြစ်သည်။

၂၀၁၈ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ (၆)လ ပတ် အစီရင်ခံစာထဲတွင်  လာရောက်ထုတ်ယူခြင်းမရှိသည့် ထီဆုမဲပေါင်း ၆၇၇၈၈စောင်(တန်ဖိုး ၅၈၇၄.၄၀)သန်း ရှိသည့်အတွက် ပျမ်းမျှတွက်လျှင် တစ်လလျှင် ၁၁၂၉၈ စောင်ခန့် ဖြစ်နေသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်ကလည်းဧရာဝတီတိုင်းဒေသကြီး၊ မဲဆန္ဒနယ် အမှတ်(၄)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထိန်ဝင်းက အောင်ဘာလေထီသိန်းဆုဌာနခွဲအနေဖြင့် ထီကံစမ်းသည့် ပြည်သူများအား ထီစျေးနှုန်းကြီးမြင့်မှုဒဏ်၊ ထီပေါက် သော်လည်းပေါက်မှန်းမသိဖြစ်ကာ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်နေခြင်းများကို နည်းနိုင်သမျှနည်းအောင် ၀ါယမ စိုက်ထုတ်၊ စေတနာထားပြီး ကြိုးစားလုပ်ဆောင်ပေးရန် တိုက်တွန်းပြောဆိုထားသည်။

အောင်ဘာလေ သိန်းဆုဌာနခွဲအနေဖြင့် လစဉ်ထီလက်မှတ်များရောင်းရငွေ၏  ၆၀ ရာခိုင်နှုန်းကို ထီဆုမဲများအဖြစ် ပြန်လည်ချီးမြှင့်ပြီး ၄၀ ရာခိုင်နှုန်းကို နိုင်ငံတော်ဘဏ္ဍာအဖြစ်ကောက်ခံနေခြင်း ဖြစ်သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေ သိန်းဆုဌာနမှ ကောက်ခံရရှိသည့် ငွေများသည် ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ကျပ်ဘီလီယံ ၃၀၊၂၀၁၅-၂၀၁၆ ခုနှစ်တွင် ကျပ်ဘီလီယံ ၃၄၊ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ဘီလီယံ ၄၀၊ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ၉၄ ဘီလီယံနှင့် ၂၀၁၈ ခုနှစ် ၆လ အသေးစားဘက်ဂျက်(Mini Budget) တွင် ကျပ် ဘီလီယံ ၅၀ ကောက်ခံရရှိထားသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly