ကျိုက်မရောရှိ ဒေါင်ဒင်အင်းတွင် အစဉ်အလာအရ ကျင်းပသည့် ငါးဖမ်းပွဲတော် ပြုလုပ်

ကျိုက်မရောရှိ ဒေါင်ဒင်အင်းတွင် အစဉ်အလာအရ ကျင်းပသည့် ငါးဖမ်းပွဲတော် ပြုလုပ်

ဖေဖော်ဝါရီ ၁၁၊ ကျိုက်မရော ။             ။ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကျုံကွယ်ကျေးရွာအုပ်စု ဒေါင်ဒင်အင်းတွင် ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၇ နာရီမှ စတင်ကာ ဒေသအသီးသီးမှ ငါးဖမ်းသူများနှင့်ကြည့်ရှုသူ ၅၀၀၀ ခန့်က အင်းငါးဖမ်းပွဲတော် လာရောက်ဆင်နွှဲခဲ့ကြသည်။

ဒေါင်ဒင်အင်းငါးဖမ်းပွဲတော်ကို ဘိုးစဉ်ဘောင်အဆက်ဆက်က အစဉ်အလာအရ တစ်နှစ်လျှင် တစ်ကြိမ်သာ ကျင်းပပြုလုပ်လေ့ရှိပြီး အင်းအတွင်း ငါးဖမ်းပွဲတော်မကျင်းပမီ ယာယီနတ်နန်းငယ်တစ်ခုတည်ဆောက်ကာ ကောက်ညှင်း၊ ထမင်း၊ အရက်၊ ရွှေဆွဲကြိုး ၁ ကုံး၊ ဆင်စွယ် ၂ ချောင်း၊ မုန့်ပဲသရေစာများနှင့် ဆက်စပ်ပစ္စည်းအစုံအလင်ဖြင့် ၇ ရက်ကြိုတင်ကာ ပူဇော်ပသထားရကြောင်း အင်းသူကြီး ဦးစောစကင်းစိန် က ရှင်းပြသည်။


" ဒဏ္ဍာရီအရတော့ ဒီနေရာက နန်းတော်ဖြစ်ခဲ့တဲ့နေရာပါ။ ဒီမှာအုပ်ချုပ်တဲ့ဘုရင်က ရဟန်းသံဃာအပေါ် ပြစ်မှားမိခဲ့လို့၊ မြေမြိုပြီးတော့ ဒီအင်းကြီးဖြစ်လာတယ်ဆိုပြီး ဆိုရိုးရှိခဲ့တယ်ပေါ့။ အဲဒီကနေစပြီး ဒီအင်းကြီးမှာ အစဉ်အလာအရ တစ်နှစ် တစ်ကြိမ်ကျင်းပခဲ့တယ်။ ငါးဖမ်းပွဲတော် မလုပ်ခင်မှာ ရိုးရာအစဉ်အလာဓလေ့ထုံးစံအရ နန်းတော်ပုံလုပ်ပေးရတယ်။ ဆင်ထိန်းနေရာ၊ ဆင်ချည်တိုင်၊ ဆင်စွယ်တွေအပြင် ဆက်စပ်ပစ္စည်းအစုံအလင်နဲ့ ၇ ရက် ကြိုတင်ပြီး ပူဇော်ထားရတယ်။ ဒီပွဲကို ဘယ်အချိန် ကျင်းပဖို့က အင်းထဲက ရေချိန်ကို ကြည့်ပြီး ရက် သတ်မှတ်ရတယ်။ ထူးခြားတာက နတ်စာကျွေးတဲ့ချိန်ဆို ငါးကြီးတစ်ကောင် ထပွက်တာမျိုးရှိတယ်။” ဟု ၄င်းက ပြောသည်။

အဆိုပါ ငါးဖမ်းပွဲတော်ကျင်းပရေးကို အင်းအနီးပတ်ဝန်းကျင်ကျေးရွာများမှ အလှည့်ကျတာဝန်ယူဆောင်ရွက်ပြီး၊ ကျိုက်မရောမြို့နယ်၊ မုဒုံမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ဒေသအသီးသီးတို့မှ စီးပွားဖြစ်ငါးဖမ်းသူများ၊ ငါးဖမ်းဝါသနာရှင်များ လာရောက်ဖမ်းယူကြလေ့ရှိကြောင်း အသက် ၇၃ နှစ်အရွယ် ဒေသခံတစ်ဦး ဦးစောသယွန်းက ပြောသည်။

“ ဒီအင်းကို အနီးအနားရွာတွေဖြစ်တဲ့ ငပူအင်း၊ ကော့စပ်၊ ကျုံကွယ်ကျေးရွာ အစရှိတဲ့ အင်းပတ်ဝန်းကျင်မှာ ရှိတဲ့ ရွာတွေက အလှည့်ကျ တာဝန်ယူပြီး ဒီပွဲကို ဆောင်ရွက်ပေးတာပေါ့။ဒီပွဲတော်လုပ်မယ့်ရက်သိတာနဲ့ ဖိတ်စာနဲ့ကြိုတင်ကမ်းပေးပါတယ်။ဒေသအစုံအလင်ပါပဲ၊ ဒီနေ့ရက် လုပ်မယ်ဆိုတော့ လှေတွေ သယ်လာကြသလို၊ အင်းမှာ စင်တွေ၊ ဘာတွေ ထိုးပြီးတော့ ငါးဖမ်းကြတယ်။ယကွင်းကြီး/သေး၊ ကွန်အမျိုးမျိုး၊ ယက်သဲ့အမျိုးမျိုး၊ ရင်တွန်း ငါးဖမ်းကိရိယာငယ်မျိုးစုံနဲ့ ဖမ်းကြတာတွေ့ရ တယ်။” ဟု ၄င်းက ပြောသည်။

ယခုနှစ်တွင် ငါးလာဖမ်းသူများနှင့် လာကြည့်ရှုသူများမှာ ယခင်နှစ်ထက် များပြားကာ ငါးဖမ်းသူအချင်းချင်း စကားအချေအတင်ဖြစ်ပါက ငါးများဖမ်းမရတတ်သောကြောင့် တစ်ဦးနှင့် တစ်ဦး အပြန်အလှန် စေတနာထားကာ ဖမ်းယူရကြောင်း သိရသည်။

“ ဒီနှစ်က အရင်နှစ်တွေထက် များလာတယ်။ပိုပိုများလာတယ်။ဖမ်းတဲ့သူရော၊ မဖမ်းဘဲ ကြည့်တဲ့သူတွေရောပေါ့။ တစ်ချို့က အပျော်ပဲ လာဖမ်းတယ်။ ဒါတောင် မရဘူးဆို ၅ ပိသာလောက်က ရတယ်လေ။ တကယ်တမ်း ငါးရမယ်ဆိုရင် တစ် ယောက်ကို ၁၅ ပိသာလောက်က ရတယ်။ဒီထဲက ရေချိုးငါးတွေ များတယ်။ ငါးသံချိတ်တို ့၊ ငါးစင်ရိုင်းတို ့၊ ငါးခုံးမတို ့၊ ငါးနုသန်းတွေ၊ ငါးဖယ်လေးတွေ ရှိပါတယ်။ ငါးကြီးကြီးတွေကိုတော့ ရကြတဲ့သူတွေ ရကြပါတယ်။ ငါးရံ့တို ့၊ ငါးဘတ်တို ့ရကြတဲ့သူတွေလည်း ရှိပါတယ်။ အင်းထဲမှာ ငါးဖမ်းရင် အားလုံးက ပျော်ပျော်ရွှင်ရွှင်ပဲ၊ တစ်ယောက်နဲ့တစ်ယောက် မကောင်းစိတ်ထားတာတို့၊ စကားအချေတင်ဖြစ်ရင်တော့ ငါးမရတော့ဘူးလေ။” ဟု ငါးဖမ်းသူ စောမောင်ကြီးက ပြောသည်။

အဆိုပါဒေသဒဏ္ဍာရီအရ ယခင်က နန်းတော်နေရာဖြစ်ပေါ်ခဲ့ပြီး ဘာသာရေးအယုံအကြည်မရှိသူ ဘုရင်နှင့်ရွာသားများက သံဃာများအပေါ် အပြစ်ကျူးလွန်သောကြောင့် ရေများဖုံးကာ ၎င်းတို့ ငါးဖြစ်သွားသည်ဟု ဒေသခံများက ပြောဆိုကြသည်။

 

Mizzima Weekly