မြန်မာအိမ်အကူကို ရေနွေးပူလောင်းပြီး လူမဆန်စွာနှိပ်စက်ခဲ့တဲ့ စင်ကာပူ အိမ်ရှင်မကို ထောင်ဒဏ် သုံးနှစ် ချမှတ်

မြန်မာအိမ်အကူကို ရေနွေးပူလောင်းပြီး လူမဆန်စွာနှိပ်စက်ခဲ့တဲ့ စင်ကာပူ အိမ်ရှင်မကို ထောင်ဒဏ် သုံးနှစ် ချမှတ်
လင်ဒါဆတ် နှင့် လင်သွန်းလန်း တို့ အား တွေ့ရစဉ်။ ဓာတ်ပုံ-TODAY/Koh Mui Fong

စင်ကာပူ၊ ဖေဖော်ဝါရီ ၁၁ ။            ။ မြန်မာအိမ်အကူတစ်ဦးကို ကိုယ့်ကိုယ်ကို ရေနွေးပူပြန်လောင်းအောင် အကျပ်ကိုင်ခြင်း၊ ဆံပင်ဆွဲဆောင့်ကာ ရိုက်နှက်ခြင်းများ ကျုးလွန်ခဲ့တဲ့ စင်ကာပူအိမ်ရှင်မတစ်ဦးကို တနင်္လာနေ့မှာ ထောင်ဒဏ် သုံးနှစ် အပြစ်ချမှတ် လိုက်ပါတယ်။

 ၂၀၁၆ ခုနှစ်အတွင်းမှာ အိမ်အကူဖြစ်သူ မဖြူဖြူထွေးကို အလှပြင်ဆိုင် မန်နေဂျာဖြစ်တဲ့ အသက် ၃၉ နှစ်အရွယ် ရှိတဲ့ အိမ်ရှင်မဖြစ်သူ လင်ဒါဆတ်က နှိပ်စက်ညှဉ်းပန်းတဲ့ အပြစ်ရှိကြောင်း ပြီးခဲ့တဲ့လမှာ တရားရုံးက စီရင်ချ ထားတာ ဖြစ်ပါတယ်။

လင်ဒါဆတ်ကို အိမ်အကူ မဖြူဖြူမာအပေါ် ကျုးလွန်တဲ့ နှိပ်စက်မှုတွေနဲ့ ပတ်သက်ပြီး စွဲချက် ခြောက်ရပ်နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ အိမ်ရှင်ဖြစ်သူ လင်ဒါဆတ်ဟာ ကိုယ့်ကိုယ်ကို အနာရအောင် လုပ်ပြီး ရဲတိုင်မယ်လို့ ခြိမ်းခြောက်ကာ မဖြူဖြူမာကို သူ့ကိုယ်သူ ရေနွေးပူ ပြန်လောင်းဖြစ်အောင် အတင်းစေခိုင်း ခဲ့ပါတယ်။

မဖြူဖြူမာမှာ အပူလောင်ဒဏ်ရာနဲ့ ရေနွေးပူလောင် အရည်ကြည်ဖုတွေ ဖြစ်ပေါ်ခဲ့ပေမယ့် လင်ဒါဆတ်ဟာ သူ့ကို ဆရာဝန်ဆီ ပို့ပေးရမယ့်အစား အရည်ကြည်ဖုတွေကို ဖောက်ပစ်ဖို့ အပ်တစ်ချောင်းပဲ ပေးခဲ့တယ်လို့ သိရပါတယ်။

လင်ဒါဆတ်က မဖြူဖြူမာဟာ အိမ်မှုဝေယျာဝစ္စတွေကို လုပ်ရာမှာ နှေးကွေးတယ်ဆိုပြီး စိတ်တိုင်းမကျ ဖြစ်ရကြောင်း တရားရုံးမှာ ကြားနာခဲ့ပါတယ်။ ဒါပေမယ့် ခရိုင်တရားသူကြီး အိုလီဗီယာလိုက “အလုပ်လုပ်တာနဲ့ ပတ်သက်ပြီး မကျေနပ်ဖြစ်တာကြောင့် အိမ်အကူအပေါ် နှိပ်စက်ညှဉ်းပန်းတာ ကျိုးကြောင်းဆီလျော်မှု ဘာမှ မရှိဘူး။”လို့ ပြောခဲ့ပါတယ်။

 လင်ဒါဆတ်အပေါ် စွဲဆိုထားတဲ့ နောက်ထပ်ပြစ်မှုတွေမှာတော့ လင်ဒါဆတ်ဟာ မဖြူဖြူမာကို ကြမ်းကို ခေါင်းနဲ့ ကိုယ့်ဘာသာ ဆောင့်ပြီး ကိုယ့်ကိုယ်ကို အနာရအောင်လုပ်ဖို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒါအပြင်လည်း နောက်စွဲချက်တစ်ခုအရ အိမ်ရှင်မဖြစ်သူ လင်ဒါဆတ်ဟာ ကြမ်းတိုက်အဝတ်မှာ ရှိနေတဲ့ ရေကို မဖြူဖြူမာကို အတင်းသောက်ခိုင်းခဲ့တယ်လို့ သိရပါတယ်။

 ၂၀၁၆ စက်တင်ဘာနှောင်းပိုင်းမှာ လင်ဒါဆတ်ဟာ မဖြူဖြူမာကို ဆံပင်ဆောင့်ဆွဲပြီး ပတ်ရမ်းပစ်လိုက် တာကြောင့် ဆံပင်တော်တော်များများ ကျွတ်ထွက်တဲ့အထိ နိုင်ထက်စီးနင်း ပြုခဲ့တယ်လို့ စွဲချက်တစ်ရပ်အရ သိရပါတယ်။

 နောက်ပိုင်း တစ်လအကြာမှာလည်း လင်ဒါဆတ်ဟာ မဖြူဖြူမာရဲ့ နဖူးကို မိုဘိုင်းဖုန်းနဲ့ အကြိမ်ကြိမ် ထုရိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါအပြင် မဖြူဖြူမာကို အစားအစာ မကျွေးဘဲ ထားတာတွေကြောင့် အာဟာရ ချို့တဲ့မှု ဖြစ်ခဲ့ရသလို လုပ်ခလစာကိုလည်း ပေးခြင်း မရှိခဲ့ပါ။

 ဒီပြစ်မှုပြစ်ဒဏ်တွေကြောင့် လင်ဒါဆတ်ကို ထောင်ဒဏ်သုံးနှစ်အပြင် ငွေဒဏ် စင်ကာပူဒေါ်လာ ၉၀၀၀ ပါ ချမှတ်ခဲ့ပါတယ်။

 ဒီအမှုမှာ လင်ဒါဆတ်ရဲ့ အမျိုးသားဖြစ်သူ အသက် ၄၄ နှစ်ရှိ လင်သွန်းလန်းကိုလည်း မဖြူဖြူမာရဲ့ နဖူးကို လက်သီးနဲ့ ထိုးမှုနဲ့ ထောင်ဒဏ် ခြောက်လ ချမှတ်ခဲ့ပါတယ်။

အခုလို အိမ်တွင်း နှိပ်စက်ညှင်းပန်းခံ အခြေအနေဟာ မဖြူဖြူမာတစ်ယောက် လင်ဒါဆတ်ရဲ့ အလှပြင်ဆိုင်ကို အဖော်ပြု လိုက်လာခဲ့ပြီးနောက်မှာ အဲဒီ အလှပြင်ဆိုင်က အလုပ်သမားတွေထဲက တစ်ဦးက ရဲကို အကြောင်းကြားပေးရာကနေ အမှုဖြစ်စဉ် ပေါ်ထွက်လာခဲ့ရတာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly