မောင်တောမြို့နယ်တွင် စိတ်ကြွဆေးပြားများ ကျပ်သိန်း ၄၀၀၀ နီးပါး ဖမ်းမိ

မောင်တောမြို့နယ်တွင် စိတ်ကြွဆေးပြားများ ကျပ်သိန်း ၄၀၀၀ နီးပါး ဖမ်းမိ
ဓာတ်ပုံ- CCDAC Myanmar

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ။          ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅ဝဝဝ ပြား (ဒေသ ကာလပေါက်စျေးတန်ဖိုးငွေကျပ် ၃၉ဝဝ သိန်း) ကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး နှိမ်နင်းရေး နှင့် ထိန်းချုပ်ရေးဗဟိုကော်မတီမှ သိရသည်။

ဖေဖော်ဝါရီလ ၁ဝ ရက်နေ့ ညနေ ၃နာရီအချိန်တွင် မောင်တောမြို့နယ်၊ လှဘော်ဇားရဲစခန်းမှ တပ်ဖွဲ့ဝင်များ သည် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ သတင်းအရ သက်သေများနှင့်အတူ မောင်တောမြို့၊ ဓါးရှည်ကျေးရွာတွင် နေထိုင်သော အဘူတာရ် ၄၃ နှစ်နှင့် မူစတာအာမက် ၃၂ နှစ်တို့ နေ ထိုင်သည့် နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ နေအိမ်တွင် ၎င်းတို့နှစ်ဦးအားတွေ့ရှိပြီး စစ်ဆေးရာ စိတ်ကြွ ရူးသွပ် ဆေးပြားများအား ဗလီကျောင်း၏အနောက်ဖက် ခြုံအတွင်းဆာလာအိတ်များဖြင့် သိုဝှက်ထားကြောင်း ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက် သွားရောက်ရှာဖွေရာ ဆူးခြုံအတွင်းရှိ ဆာလာအိတ် အဝါရောင်အတွင်းမှ ပလတ်စတစ် ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅ဝဝဝ ပြား (ဒေသကာလ ပေါက်စျေး တန်ဖိုးငွေကျပ် ၃၉ဝဝ သိန်း)တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါဖြစ်စဉ်အတွက်  ပြင်ဖြူ နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ မူးယစ်ဆေးဝါး နှိမ်နင်းရေး နှင့် ထိန်းချုပ်ရေးဗဟိုကော်မတီ၏ သတင်းထုတ်ပြန်မှုများအရ စိတ်ကြွ ရူးသွပ်ဆေးပြားများ၊ Ecstasy ဆေးပြားများ၊ လက်နက်များ နှင့် ICE များကို မြန်မာနိုင်ငံအတွင်းရှိ တာချီလိတ် မြို့နယ်၊ မြိတ်မြို့နယ်၊ လားရှိုး မြို့နယ်၊ ထားဝယ်မြို့၊ လာင်းလုံမြို့နယ် ၊ မူဆယ် မြို့နယ်၊ မိုးညှင်းမြို့နယ် ၊ အောင်မြေသာစံမြို့နယ်နှင့် ကုန်းကြမ်းမြို့နယ်တို့တွင် ဖေဖော်ဝါရီလပထမပတ်အတွင်း ဖမ်းဆီးရမိမှုများ ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly