YKKO ကြေးအိုး ၏ အစုရှယ်ယာ ၆၅ ရာခိုင်နှုန်းကို Yoma မှ ဝယ်ယူ 

YKKO ကြေးအိုး ၏ အစုရှယ်ယာ ၆၅ ရာခိုင်နှုန်းကို Yoma မှ ဝယ်ယူ 
ဓာတ်ပုံ-YKKO

ဖေဖော်ဝါရီ ၁၁ ။              ။ YKKO ကြေးအိုး၏ လက်ရှိနှင့် ခန့်မှန်းဝင်ငွေ တို့ကိုပါ ထည့်သွင်းပြီး အစုရှယ်ယာ ၆၅ ရာခိုင်နှုန်းကို Yoma Strategic မှ စုစုပေါင်းကျပ်ငွေ ၁၉.၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၂.၆ သန်း) ဖြင့် ဝယ်ယူလိုက်ပြီဖြစ်သည်။

အဆိုပါကြေညာချက်ကို ဖေဖော်ဝါရီလ ၁၁ ရက်တွင် Yoma မှ ကြေညာခဲ့ခြင်း ဖြစ်သည်။ 

၂၀၁၈ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့၏ မှတ်တမ်းများအရ (YKKO Yankin Kyay Oh Group of Companies Limited )၏ စုစုပေါင်းတန်ဖိုးမှာ ကျပ်ငွေ ၆.၂၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄.၀၉ သန်း) ရှိသည်ဟု သိရသည်။

“YKKO သည် မြန်မာနိုင်ငံတွင် လူကြိုက်များသော အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး ၎င်း၏ကြေးအိုးသည် ကျွန်တော်တို့နှင့်အတူ ကြီးပြင်းလာခဲ့သည်မှာ နှစ်ပေါင်း ၃၀ တိုင်ပြီဖြစ်သည်။ မိသားစုစားသောက်ဆိုင်လေးမှ စတင်ခဲ့ပြီး နိုင်ငံ၏နာမည်ကြီး F&B အမှတ်ဆံဆိပ်တစ်ခုဖြစ်လာခဲ့သည့် YKKO သည် မြန်မာနိုင်ငံ၏ အောင်မြင်မှုဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ၎င်းအား အနာဂတ်တွင် ပိုမိုတိုးတက်ကြီးပွားလာအောင် ကျွန်တော်တို့မှ ပံ့ပိုးကူညီခွင့်ရသည့်အတွက် အလွန်ပင်ဂုဏ်ယူမိပါသည်” ဟု Yoma Strategic ၏ CEO Mr. Melvyn Pun က  ပြောသည်။

ကြေးအိုးသည် ကြာဇံနှင့် ဆန်ပြားခေါက်ဆွဲအပေါ်အခြေခံသည့် စားသောက်ဖွယ်တစ်ခုဖြစ်ပြီး YKKO သည် ၎င်း၏ ကြေးအိုးကြောင့် နာမည်ကြီးလူသိများသည်။ ကြေးအိုးအပြင် မြန်မာစတိုင် ဘာဘီကျူးမှအစ တရုတ်နှင့် ယိုးဒယားအစားအစာအထိပါ ရရှိနိုင်သည်။

" လွန်ခဲ့တဲ့ အနှစ်(၃ဝ) ကျော်က ရန်ကင်းက စခဲ့တဲ့ ဆိုင်လေးမှ ဆရာစံဆိုင်ခွဲနှင့် ယခုလို ဆိုင်ပေါင်း (၄ဝ) နီးပါးရှိတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်လာအောင် ဝိုင်းဝန်းကြိုးပန်းခဲ့တဲ့ ဝန်ထမ်းများ၊ partner များနှင့် အတူ အားပေးခဲ့တဲ့ customer များအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီးတော့ Yoma Strategic Holdings လို YKKO နှင့် ရည်တည်ချက်ခြင်းတူတဲ့ အဖွဲ့အစည်းနှင့် ပူးပေါင်းပြီး နိုင်ငံတကာကို လှမ်းနိုင်တဲ့ မြန်မာအမှတ်တံဆိပ်တစ်ခုဖြစ်ဖို့ ကြိုးစားဆောင်ရွက်သွားပါ့မယ်” ဟု YKKO ၏ ဥက္ကဋ္ဌ ဒေါ်ယုယုလွင်က ပြောသည်။

၁၉၈၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် YKKO သည် ယခုအခါ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူးနှင့် မော်လမြိုင်တို့တွင် ဆိုင်ခွဲများများဖြင့် မြန်မာနိုင်ငံ၏ အကြီးဆုံးပြည်တွင်းစားသောက်ဆိုင်လုပ်ငန်း  ဖြစ်လာခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly