အောင်ဆန်းရုပ်ရှင်အတွက် သရုပ်ဆောင်များ ခေါ်ယူနေ

အောင်ဆန်းရုပ်ရှင်အတွက် သရုပ်ဆောင်များ ခေါ်ယူနေ

ဖေဖော်ဝါရီ ၁၀ ။             ။ "အောင်ဆန်း" ရုပ်ရှင်ဇာတ်ကားကြီးတွင် ဂဠုန်ဦးစော နေရာအပါအဝင် အခြားနေရာများအတွက် သရုပ်ဆောင်များ ခေါ်ယူနေသည်။

အဆိုပါနေရာများတွင် ပါဝင်သရုပ်ဆောင်ရန် သရုပ်ဆောင်များ လိုအပ်လျက်ရှိပါသဖြင့် အောက်ဖော်ပြပါ ရုပ်ပုံလွှာများနှင့် ကိုယ်ရေးအချက်အလက်များ ဆင်တူကိုက်ညီမှုရှိသူများ လျှောက်ထားနိုင်ပါသည်ဟု ဖေဖော်ဝါရီလ ၁၀ ရက်တွင် ထုတ်ပြန်သည်။ 

ဂဠုန်ဦးစောအပါအဝင်  ဦးဘဝင်း (ဗိုလ်ချုပ်အစ်ကို) ၊သခင်မြ၊ မိုင်းပွန်စော်ဘွား စပ်စံထွန်း၊ ဒီးဒုတ်ဦးဘချို၊ဦးရာဇာတ်၊ ဦးအုန်းမောင်၊ မန်းဘခိုင်၊ ရဲဘော်ကိုထွေး ၊ ဒေါ်စု( ဗိုလ်ချုပ်မိခင်) ၊ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မိုး (ခ) သခင်အေးမောင်၊ ဗိုလ်ကျော်ဇော(ခ) သခင်ရွှေ၊ ဗိုလ်စောအောင် (ခ) သခင်ငွေ၊ ဗိုလ်လက်ျာ(ခ) သခင်လှဖေ၊ ဗိုလ်ရန်အောင် (ခ) သခင် လှမြိုင်၊ ဗိုလ်စင်္ကြာ (ခ) သခင်အောင်သန်း၊ ဗိုလ်လင်းယုန် (ခ) သခင်ထွန်းရွှေ၊ ဗိုလ်ရဲထွဋ် (ခ) သခင်အောင်သိန်း၊ ဗိုလ်ဇေယျ (ခ) ကိုလှမောင်၊ ဗိုလ်မင်းခေါင် (ခ) သခင်စောလွင်၊ ဗိုလ်နေဝင်း (ခ) သခင်ရှုမောင်၊ ဗိုလ်ထွန်းလှ၊ သခင်သန်းထွန်း၊ ဦးတင်ထွတ်၊ မာရီလှတော၊ ကိုဗဟိန်း၊ ဦးကျော်ငြိမ်း၊ သခင်ကိုယ်တော်မှိုင်း၊ ကိုညိုမြ၊ ကိုနု၊ သခင်ဗစိန်၊ ဗိုလ်မြင့်အောင် (ခ) သခင်စိုး အစရှိသောနေရာများအတွက် သရုပ်ဆောင် ခေါ်ယူနေခြင်း ဖြစ်သည်။ 

လျှောက်ထားသူ၏ အသက်အရွယ်၊ အရပ်အမောင်း အနည်းငယ်ကွာဟမှုများ ရှိခဲ့လျှင်လည်း ရုပ်ရည် ဆင်တူမှုနှင့် အမူအရာကောင်းမွန်(သရုပ်ဆောင်ခြင်းကို ဝါသနာကြီးသူဖြစ်ရမည်)မှုအပေါ် မူတည်၍ ထည့်သွင်း စဉ်းစားမည် ဖြစ်သည်ဟုလည်း ပါရှိသည်။

လျှောက်ထားသူများအနေဖြင့် ဖော်ပြပါလျှောက်လွှာပုံစံကို Download ပြုလုပ်ပြီး ပါဝင်သော အချက်အလက်များကို ပြည့်စုံမှန်ကန်အောင် ဖြည့်စွက်ပြီး မိမိ၏ဓာတ်ပုံ(5’’ x 7’’ ) အရွယ် ကိုယ်တစ်ပိုင်းပုံ(၁)ပုံ၊ တစ်ကိုယ်လုံးပုံ(၁)ပုံ၊ စုစုပေါင်း(၂)ပုံ-(ကင်မရာ Effect မသုံးရ၊ Photoshop ဖြင့် မပြုပြင်ထားရ)နှင့်အတူ လျှောက်ထားနိုင်ကြောင်း သိရသည်။ 

လျှောက်လွှာများကို အောင်ဆန်းရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်းကော်မတီ၊ အမှတ်(၁၃၁)၊ ကမ္ဘာအေး ဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ဖုန်း ဝ၉-၄ဝဝရ၆ဝဝ၁၁ သို့ လိပ်မူပြီး  မတ်လ ၁၂ ရက် နောက်ဆုံးထား၍ ရုံးချိန်အတွင်း လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ၊ Facebook Messenger မှ ဖြစ်စေ အောင်ဆန်းဂုပ်ရီင်တွင် ပါဝင်ရိုက်ကူးနိုင်ရန် ပေးပို့လျှောက်ထားနိုင်သည်။

လျှောက်လွှာများကို အောင်ဆန်းရုပ်ရှင်၏ တရားဝင်ဖေ့ဘွတ်ခ်စာမျက်နှာတွင် ဒေါင်းလုတ်ရယူနိုင်ကြောင်းပါ ဖော်ပြထားသည်။ 

အဆိုပါ ဗိုလ်ချုပ်အတ္ထုပ္ပတ္တိရုပ်ရှင်ကို လူမင်းက ဒါရိုက်တာအဖြစ် ရိုက်ကူးမည်ဖြစ်ပြီး အဓိက သရုပ်ဆောင်များအဖြစ် ဗိုလ်ချုပ်နေရာတွင် ကျော်ကျော်မျိုးနှင့် ဒေါ်ခင်ကြည်နေရာတွင် နန့်ဇာခြည်လင်းတို့က ပါဝင်သရုပ်ဆောင်မည်ဖြစ်ကာ ၂၀၁၉ တွင် စတင်ရိုက်ကူးသွားမည်ဟု ကြေညာထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly