မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးခြင်းနှင့် နှောက်ယှက်၊ ဟန့်တားမှုများကို NLD တရားစွဲမည်

မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးခြင်းနှင့် နှောက်ယှက်၊ ဟန့်တားမှုများကို NLD တရားစွဲမည်

နေပြည်တော်၊ အောက်တိုဘာ ၁ ။ ။ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေသည့် လက်ရှိကာလအတွင်း ပါတီအလံများနှင့် ဆိုင်းဘုတ်များအား ဖျက်ဆီးခြင်း၊ ပါတီဝင်များအား ကိုယ်ထိလက်ရောက် စော်ကားခြင်း၊ မဲဆွယ်ပွဲများကို နှောက်ယှက်ဟန့်တားခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းမပြုရန် တားမြစ်သူများကို တရားဥပဒေနှင့်အညီ တရားစွဲဆိုသွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့က စက်တင်ဘာ ၃၀ရက်စွဲဖြင့် ကြေငြာချက်ထုတ်လိုက်သည်။

“ပြစ်မှုကျူးလွန်ခြင်းများကို သက်ဆိုင်ရာ ရဲစခန်း၌ အမှုဖွင့်တိုင်ကြားခြင်း၊ တရားရုံး၌ ဦးတိုက်လျှောက်ထား တရားစွဲဆိုခြင်း၊ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲများသို့ တိုင်ကြားခြင်းတို့ကို ဥပဒေပညာရှင်များနှင့် ညှိနှိုင်းတိုင်ပင်၍ ပြုလုပ်ကြရပါမည်” ဟု ကြေငြာချက်တွင် ပါတီဝင်များကို ညွှန်ကြားထားသည်။

ရွေးကောက်ပွဲဝင်ပြိုင်မည့် နိုင်ငံရေးပါတီများ အပြိုင်အဆိုင်မဲဆွဲနေကြစဉ် ဟန့်တား၊ နှောက်ယှက်မှုများကို ဥပဒေနှင့်အညီ အမှုဖွင့်တိုင်ကြားခြင်း၊ တရားစွဲဆိုခြင်း ပြုလုပ်မည်ဟု NLDပါတီက ကြေငြာချက်ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

မဲဆွယ်စည်းရုံးရာတွင်လည်း ဥပဒေ၊ နည်းဥပဒေနှင့် ညွှန်ကြားချက်များအတိုင်း မဲဆွယ်ဟောကြရန် ပါတီဝင်များနှင့် အမတ်လောင်းများအား အဆိုပါ ကြေငြာချက်တွင် သတိပေး တိုက်တွန်းထားသေးသည်။

“ရန်ကိုရန်ချင်း မတုံ့နှင်းဘဲ တည်ဆဲဥပဒေ၊ ရွေးကောက်ပွဲဥပဒေ နည်းဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်တို့နှင့်အညီ မဲဆွယ်စည်းရုံးကြရန်နှင့် ရွေးကောက်ပွဲအောင်မြင်စွာ ဖြစ်မြောက်ရေး၊ ရပ်ရွာတည်ငြိမ်အေးချမ်းရေးတို့ကို ရှေးရှုဆောင်ရွက်ကြရန်” ဟု ပါတီနာယက ဦးတင်ဦး ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့၏ ကြေငြာချက်တွင် သတိပေးထားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အမတ်လောင်းဖြစ်သူ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်(အငြိမ်းစား)ဒေါက်တာအောင်သူ၏ မဲဆွယ်စည်းရုံးရေး ဗီနိုင်းမှာ ဆိုင်းဘုတ်စိုက်ထူပြီး ၁၂နာရီ အကြာတွင် စက်တင်ဘာ ၃၀ရက် နံနက်ပိုင်းတွင် ဆုတ်ဖြဲခံရသည်။

ယင်းအပြင် စစ်ကိုင်းတိုင်း ထန်းကုန်းမြို့ ဈေးအနီးတွင် စိုက်ထူထားသော  နိုင်ငံရေးပါတီများ၏ မဲဆွယ်ဆိုင်းဘုတ်များအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ၏ ဆိုင်းဘုတ်မှာလည်း စက်တင်ဘာ ၂၃ရက်က ဖျက်ဆီးခံရသလို ဧရာဝတီတိုင်း နှင့် ရှမ်းပြည်နယ်တို့တွင်လည်း အလားတူဖြစ်စဉ်များ ရှိနေသည်။

ယင်းကဲ့သို့ လုပ်ဆောင်မှုများအပြင် ပါတီဥက္ကဋ္ဌဖြစ်သူ ဝါရင့်အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် သူမ၏ ပါတီကို ပုတ်ခတ်ရေးသားထားသည့် စာရွက်၊ စာတမ်းဖြန့်ဝေမှုများလည်း ရှိနေသည်ဟု ထုတ်ပြန်ကြေငြာချက်တွင် ပါရှိသည်။

 
 

မဇ္ဈိမရဲ့ SMS သတင်းတွေကို အခုပဲ ရယူလိုက်ကြရအောင်

Posted by Mizzima - News in Burmese on Sunday, 6 September 2015

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags