Nou Srey Povကို အလဲထိုးနိုင်သည့် ထိရောက်သောဗျူဟာ ရရှိထားဟု Rika Ishige ယုံကြည်

Nou Srey Povကို အလဲထိုးနိုင်သည့် ထိရောက်သောဗျူဟာ ရရှိထားဟု Rika Ishige ယုံကြည်
ဓာတ်ပုံ-Rika "Tiny Doll" Ishige Facebook

ဖေဖော်ဝါရီ ၉ ။           ။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်မည့် ONE: CLASH OF LEDENDS ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိသည့် အနည်းငယ်မျှသော အားကစားသမားများထဲတွင် Rika Ishige ကဲ့သို့ ထူးချွန်သည့် အားကစားသမား တစ်ဦးလည်း ပါဝင်နေသည်။

 Rika Ishige သည် အလွန်အန္တရာယ်များသည့် ပြိုင်ဘက်ကို ရင်ဆိုင်ရာတွင် ပရိသတ်များ၏ အားပေးမှုများက အောင်မြင်မှုရရန်အတွက် ထောက်ပံ့ပေးနိုင်မည်ဟု ယုံကြည်လျှက်ရှိသည်။  ကိုယ်ခံပညာသိုင်းပေါင်းစုံ ထိုင်း အမျိုးသမီးအားကစားသမား  Rika Ishige သည် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ဘန်ကောက်၌ ကျင်းပမည့် ONE: CLASH OF LEGENDS ပြိုင်ပွဲတွင် ကမ္ဘောဒီးယား ကစားသမား Nou Srey Pov နှင့် ရင်ဆိုင်ယှဉ်ပြိုင် သွားမည် ဖြစ်သည်။

 Rika Ishige သည် Standup Fighting ကျွမ်းကျင်မှုရှိသည့် Nou Srey Pov နှင့် တစ်ကြိမ် တစ်ခါမျှ ထိပ်တိုက် တွေ့ဆုံမှုမရှိသေးပေ။  မည်သို့ပင်ဆိုစေကာမှု ထိုင်းသူရဲကောင်း Rika Ishige အနေဖြင့် Impact Arena ကွင်းကြီးကို နောက်တစ်ကြိမ် ခြေချပြန်ပြီဖြစ်သည်။ ၎င်း အနိုင်ရရှိထားသည့် ပွဲစဉ် ၄ ပွဲအနက်် ၃ ပွဲ ကို Impact Arena ခန်းမထဲ၌ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

 "ဘန်ကောက်မှာ ယှဉ်ပြိုင်ရတာကို ကျွန်မတကယ်ချစ်မြတ်နိုးပါတယ်။ ထိုင်းပရိသတ်တွေရဲ့ အော်ဟစ်အားပေးသံတွေက ကျွန်မရဲ့စိတ်ကို တက်ကြွစေပါတယ်" ဟု Rika Ishige က ပြောသည်။

 ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် ဘန်ကောက်မြို့၌ ကျင်းပခဲ့သည့်  ONE:KINGDOM OF HEROES ပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံ၏ နှစ်ထပ်ကွမ်း လက်ဝှေ့ချန်ပီယံ Bozhena Antoniyar ကို ပထမအချီ၌ ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့သည်။

 Rika Ishige ရင်ဆိုင်ရမည့် ပြိုင်ဘက် Nou Srey Pov သည် လာမည့် ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ကိုယ်ခံပညာ သိုင်းပေါင်းစုံပြိုင်ပွဲကို ပထမဆုံးအကြိမ်  ပွဲဦးထွက် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ သို့သော်

ကမ္ဘောဒီးယား အားကစားသမား Nou Srey Pov သည် အတွေ ့အကြုံရင့်ကျက်သူတစ်ဦးဖြစ်သောကြောင့် Rika Ishige ၏ ကစားသမားသက်တမ်းတစ်လျှောက် အန္တရာယ်အကြီးဆုံးပွဲတစ်ပွဲလည်း ဖြစ်လာနိုင်သည်။

 Nou Srey Pov သည် ရိုးရာကိုယ်ခံပညာရပ်ဖြစ်သည့် ခမာလက်ဝှေ့အားကစားနည်းမှာ အတွေ့အကြုံရင့်ကျက်လွန်းသူဖြစ်ပြီး ပြိုင်ပွဲအတွေ့အကြုံများစွာရှိသူလည်း ဖြစ်သည်။  ကျွမ်းကျင်မှုများစွာ ပေါင်းစပ်ထားပြီး  ၎င်း၏ မတူညီသည့် တိုက်စစ်စွမ်းဆောင်ရည်တို့ဖြင့် ပြိုင်ဘက်များအပေါ် ယှဉ်ပြိုင်တတ်သူလည်းဖြစ်သည်။  Nou Srey Pov သည် ကမ္ဘောဒီးယား အမျိုးသားရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသနေသော ပြိုင်ပွဲများတွင် ထိုင်းနိုင်ငံ၏ ထိပ်တန်း မွေထိုင်းအားကစားသမားများနှင့် ပွဲပေါင်းများစွာ ထိုးသတ်ဖူးသူလည်းဖြစ်သည်။ 

 ထို့အပြင် ၎င်းသည်  မြန်မာနိုင်ငံအထိ ခြေဆန့်ကာ မြန်မာတို့၏ ရိုးရာအားကစားနည်းဖြစ်သည့် မြန်မာ့ရိုးရာ လက်ဝှေ့ကိုလည်း ထိုးသတ်ဖူးကာ လက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ၏  " တစ်နှစ်တာအတွက် အကောင်းဆုံး အမျိုးသမီးကစားသမား " ဆုကို ဆွတ်ခူးထားသည်။

 အသက်(၂၄)နှစ်အရွယ်ရှိ Nou Srey Pov သည် မွေးရပ်မြေတွင် ခမာလက်ဝှေ့ကမ္ဘာ့ချန်ပီယံတစ်ဦးဖြစ်ပြီး  ၉၁ ပွဲ နိုင်၊ ၈ ပွဲသရေ၊ ၂ ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားသည်။ Rika Ishige သည် ONE Championship ၏ ပြိုင်ပွဲအတွေ့အကြုံများစွာ ရှိသကဲ့သို့ Nou Srey Pov သည်လည်း ၎င်း၏ ပြိုင်ဘက်ကမ္ဘာ့အကောင်းဆုံး ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမားများက လေးစားချီးမွမ်းရသည့် အားကစားသမားတစ်ဦးဖြစ်သည်။

 Rika Ishige က Nou Srey Pov တွင် သတိထားမိလောက်စရာ အောင်မြင်မှုများ ရယူထားသော်လည်း မိမိ အနေဖြင့် ၎င်းကိုအနိုင်ရမယ်လို့ ပြတ်ပြတ်သားသားယုံကြည်ထားကြောင်း ဖွင့်ဟခဲ့သည်။

" ကျွန်မပြိုင်ဘက်က အရမ်းကြံ့ခိုင်သလို တိုက်စစ်ကောင်းတယ်ဆိုတာ သိထားပါတယ်။ Nou Srey Pov က ကြိုးဝိုင်းထဲမှာတော့ သိပ်ကောင်းလှတယ်လို့လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ပြိုင်ဘက်အပေါ် ဘယ်တော့မှ လျှော့မတွက်ပါဘူး "ဟု Rika Ishige က သုံးသပ်ပြောဆိုခဲ့သည်။

 Rika Ishige သည် ယခုပြိုင်ပွဲအတွက် ပြင်းပြင်းထန်ထန်လေ့ကျင့်နေပြီး အကောင်းဆုံးလက်ရည်ပြသနိုင်မည် ဟု ယုံကြည်လျက်ရှိသည်။  ၎င်းသည် ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကမ္ဘာ့အဆင့် ချန်ပီယံခါးပတ်တစ်ခုကို ထပ်မံ ရယူရန် ရည်မှန်းထားပြီး နှစ်သစ်တွင် အကောင်းဆုံးစတင်နိုင်ရန်အတွက် ကလပ်အသင်း ပြောင်းလဲ၍ လေ့ကျင့်လျက်ရှိသည်။

 " လေ့ကျင့်မှုကတော့ အရမ်းကောင်းပါတယ်။ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့အတွက် လေ့ကျင့်ရေးကလပ်ကို ဖူးခက်ကို ရွှေ့လိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘန်ကောက်ရဲ့ လေထုညစ်ညမ်းမှုကို ရှောင်လွှဲချင်တာကြောင့်ပါပဲ"ဟု Rika Ishige က ကလပ်ပြောင်းရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းပြခဲ့သည်။

ဘန်ကောက်၌ရှိနေစဉ် ၎င်း၏နည်းပြဆရာမှာ ဘရာဇီးလ်ဂျူဂျစ်ဆု ခါးပတ်နက်ချန်ပီယံ Lee Livingstone ဖြစ်ပြီး ဖူးခက်တွင် အမေရိကန် နပမ်းစပါယ်ရှယ်လစ် George နှင့် Frank Hickman တို့ထံ၌ လေ့ကျင့်သင်ကြားနေသည်။ Rika Ishige သည် မွေထိုင်းချန်ပီယံများနှင့်လည်း ပူးပေါင်းလေ့ကျင့်မှုများ လုပ်ဆောင်နေပြီ ၎င်းကို သစ္စာရှိရှိအားပေးနေသည့် ပရိသတ်တွေများအတွက် အကောင်းဆုံးစွမ်းဆောင်သွားမည်ဟု ပြောဆိုခဲ့သည်။

" ကျွန်မ Nou Srey Povကို ကြိုးဝိုင်းထဲမှာ ကြာကြာရပ်ခွင့်မပေးပါဘူး။ ကျွန်မရဲ့ခြေကန်ချက်နဲ့ သူ့ကို ကြမ်းပြင်ပေါ် အမြန်ဆုံးလှဲသိပ်သွားဖို့ စီစဉ်ထားပါတယ်။ အိမ်ရှင်ပရိသတ်တွေရှေ့ ယှဉ်ပြိုင်ရတာက ဖိအားများပါတယ်။ ပရိသတ်တွေစိတ်ပျက်သွားမှာကို ကျွန်မ မလိုလားပါဘူး "ဟု Rika Ishige က ပွဲမတိုင်မီ ကြုံးဝါးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly