ကံမတွင် ရထားလမ်းဖောက်လုပ်စဉ်က ပါဝင်သွားခဲ့သည့်မြေယာများ လျော်ကြေးများပြန်လည်ပေးအပ်

By သက်နောင်
09 February 2019
ကံမတွင် ရထားလမ်းဖောက်လုပ်စဉ်က ပါဝင်သွားခဲ့သည့်မြေယာများ လျော်ကြေးများပြန်လည်ပေးအပ်

ကံမ၊ ဖေဖော်ဝါရီ ၉ ။            ။ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်အတွင်း ကြံခင်း-ပခုက္ကူရထားလမ်းဖောက်လုပ်ရာတွင်ပါဝင်သွားခဲ့သည့် ယာမြေဧက(၃၆၆.၁၉) ဧကအတွက်  လျော်ကြေးငွေ ကျပ်၅၉၉.၃၄၀ သန်းကို ဖေဖော်ဝါရီလ ၉ ရက်နေ့က ပေးအပ်ခဲ့သည်။ 

ကျေးရွာအုပ်စု ၁၃ အုပ်စုမှ တောင်သူ ၃၉၀ ဦး ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပြီး မြေယာလျော်ကြေးပေးအပ်ခြင်းကို ကံမမြို့၊ အမှတ်(၂)ရပ်ကွက်၊ မြို့နယ်ခန်းမတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ကြံ့ခင်း-ပခုက္ကူ ရထားလမ်းဖောက်လုပ်စဉ်က ကံမမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၅)အုပ်စုမှ တောင်သူ ၄၅၅ ဦး၏ ယာမြေဧက ၄၄၄.၁၃ အတွက် လျော်ကြေးပေးအပ်ရမည် ဖြစ်ကြောင်း သိရသည်။

"လျော်ကြေးပေးအပ်ဖို့ ကျန်ရှိကျေးရွာအုပ်စုပေါင်း ၂ အုပ်စုမှာ တောင်သူ ၆၅ ဦးအတွက် ၇၇.၉၄ ဧက ကျန်ရှိပါတယ်။ လျော်ကြေးငွေပေါင်း ၁၇၈.၂၈ သန်း ကျန်ရှိမှာဖြစ်ပါတယ်။ ဒီယာမြေတွေက မြေယာပိုင်ဆိုင်မှု အငြင်းပွားနေတဲ့အတွက် အငြင်းပွားမှုကို ရှင်းလင်းပြီးစီးတဲ့အခါ မြေယာအတွက် လျော်ကြေးငွေကို ပေးအပ်မှာ ဖြစ်ပါတယ်" ဟု ကံမမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ပြောသည်။

ကံမမြို့နယ်အတွင်း ကြံ့ခင်း-ပခုက္ကူရထားလမ်းပိုင်းအား မီးရထားပြေးဆွဲခြင်းမရှိဘဲ၊ ဒေသခံများ အသုံးပြုခြင်းမရှိဘဲ ရပ်နားထားရခြင်းနှင့်ပတ်သက်၍ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက"မဖြစ်သင့်တဲ့ စီမံကိန်း အမှားတွေဟာ ပြည်သူကိုရော၊ နိုင်ငံတော်မှာပါ ဝန်ထုပ်ဝန်ပိုးဖြစ်စေပါတယ်။ စီမံကိန်းအမှားတွေဟာ ပြည်သူ့ဘဏ္ဍာကို ခိုးယူခံရသလိုပါပဲ"ဟု ပြောသည်။  

ကံမမြို့နယ်အတွင်း ကြံ့ခင်း-ပခုက္ကူမီးရထားလမ်းပိုင်း ဖောက်လုပ်ခဲ့ပြီး ထော်လီရထားတွဲတစ်တွဲဖြင့် ၂ နှစ် ခန့် ပြေးဆွဲခဲ့ကြောင်းသိရကာ ဒေသခံများက အသုံးပြုခြင်းမရှိသောကြောင့်၂၀၁၆ ခုနှစ်နောက်ပိုင်း ပြေးဆွဲခြင်း မရှိတော့ကြောင်း သိရသည်။ 

“ မြေယာလျော်ကြေးရတာပါ။ ကျေးရွာ ၁၅ အုပ်စုမှာ ၂ အုပ်စုကတော့ ပုဂ္ဂလိက အငြင်းပွားမှုလေးတွေ ရှိနေသေးတဲ့အတွက် ၂ အုပ်စုအတွက် မပေးပါဘူး။ ၁၃ အုပ်စု အတွက် ပေးပါတယ်ခင်ဗျ” ဟု မြေယာ လျော်ကြေးရရှိရေး ဦးဆောင်သူ ကိုစန်းထွတ်က ပြောသည်။ 

“ ဒေသခံတောင်သူတွေအနေနဲ့ ဘာမှ မသိဘဲ သိမ်းဆည်းခံလိုက်ရတယ်။ အခု တိုင်းဒေသကြီး ကိုယ်စားလှယ်ကအစ ကြိုးစားအားထုတ်ပေးလို့ အခုလို ပြန်ရတာ၊ ကံမက တောင်သူတွေဘက်ကတော့ အတိုင်းမသိ ဝမ်းသာတာပေါ့” ဟု ၎င်းက ဆက်ပြောသည်။ 

အဆိုပါ သရက်ခရိုင်၊ ကံမမြို့နယ်ရှိ မြေယာများကို ၂၀၀၇ ခုနှစ်က သိမ်းဆည်းခဲ့ပြီး မီးရထားလမ်းစီမံကိန်းကို ၂၀၁၀ ခုနှစ်ခန့်က စတင်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly