ကံမ၊ ဖေဖော်ဝါရီ ၉ ။ ။ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်အတွင်း ကြံခင်း-ပခုက္ကူရထားလမ်းဖောက်လုပ်ရာတွင်ပါဝင်သွားခဲ့သည့် ယာမြေဧက(၃၆၆.၁၉) ဧကအတွက် လျော်ကြေးငွေ ကျပ်၅၉၉.၃၄၀ သန်းကို ဖေဖော်ဝါရီလ ၉ ရက်နေ့က ပေးအပ်ခဲ့သည်။
ကျေးရွာအုပ်စု ၁၃ အုပ်စုမှ တောင်သူ ၃၉၀ ဦး ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပြီး မြေယာလျော်ကြေးပေးအပ်ခြင်းကို ကံမမြို့၊ အမှတ်(၂)ရပ်ကွက်၊ မြို့နယ်ခန်းမတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ကြံ့ခင်း-ပခုက္ကူ ရထားလမ်းဖောက်လုပ်စဉ်က ကံမမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၅)အုပ်စုမှ တောင်သူ ၄၅၅ ဦး၏ ယာမြေဧက ၄၄၄.၁၃ အတွက် လျော်ကြေးပေးအပ်ရမည် ဖြစ်ကြောင်း သိရသည်။
"လျော်ကြေးပေးအပ်ဖို့ ကျန်ရှိကျေးရွာအုပ်စုပေါင်း ၂ အုပ်စုမှာ တောင်သူ ၆၅ ဦးအတွက် ၇၇.၉၄ ဧက ကျန်ရှိပါတယ်။ လျော်ကြေးငွေပေါင်း ၁၇၈.၂၈ သန်း ကျန်ရှိမှာဖြစ်ပါတယ်။ ဒီယာမြေတွေက မြေယာပိုင်ဆိုင်မှု အငြင်းပွားနေတဲ့အတွက် အငြင်းပွားမှုကို ရှင်းလင်းပြီးစီးတဲ့အခါ မြေယာအတွက် လျော်ကြေးငွေကို ပေးအပ်မှာ ဖြစ်ပါတယ်" ဟု ကံမမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ပြောသည်။
ကံမမြို့နယ်အတွင်း ကြံ့ခင်း-ပခုက္ကူရထားလမ်းပိုင်းအား မီးရထားပြေးဆွဲခြင်းမရှိဘဲ၊ ဒေသခံများ အသုံးပြုခြင်းမရှိဘဲ ရပ်နားထားရခြင်းနှင့်ပတ်သက်၍ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက"မဖြစ်သင့်တဲ့ စီမံကိန်း အမှားတွေဟာ ပြည်သူကိုရော၊ နိုင်ငံတော်မှာပါ ဝန်ထုပ်ဝန်ပိုးဖြစ်စေပါတယ်။ စီမံကိန်းအမှားတွေဟာ ပြည်သူ့ဘဏ္ဍာကို ခိုးယူခံရသလိုပါပဲ"ဟု ပြောသည်။
ကံမမြို့နယ်အတွင်း ကြံ့ခင်း-ပခုက္ကူမီးရထားလမ်းပိုင်း ဖောက်လုပ်ခဲ့ပြီး ထော်လီရထားတွဲတစ်တွဲဖြင့် ၂ နှစ် ခန့် ပြေးဆွဲခဲ့ကြောင်းသိရကာ ဒေသခံများက အသုံးပြုခြင်းမရှိသောကြောင့်၂၀၁၆ ခုနှစ်နောက်ပိုင်း ပြေးဆွဲခြင်း မရှိတော့ကြောင်း သိရသည်။
“ မြေယာလျော်ကြေးရတာပါ။ ကျေးရွာ ၁၅ အုပ်စုမှာ ၂ အုပ်စုကတော့ ပုဂ္ဂလိက အငြင်းပွားမှုလေးတွေ ရှိနေသေးတဲ့အတွက် ၂ အုပ်စုအတွက် မပေးပါဘူး။ ၁၃ အုပ်စု အတွက် ပေးပါတယ်ခင်ဗျ” ဟု မြေယာ လျော်ကြေးရရှိရေး ဦးဆောင်သူ ကိုစန်းထွတ်က ပြောသည်။
“ ဒေသခံတောင်သူတွေအနေနဲ့ ဘာမှ မသိဘဲ သိမ်းဆည်းခံလိုက်ရတယ်။ အခု တိုင်းဒေသကြီး ကိုယ်စားလှယ်ကအစ ကြိုးစားအားထုတ်ပေးလို့ အခုလို ပြန်ရတာ၊ ကံမက တောင်သူတွေဘက်ကတော့ အတိုင်းမသိ ဝမ်းသာတာပေါ့” ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါ သရက်ခရိုင်၊ ကံမမြို့နယ်ရှိ မြေယာများကို ၂၀၀၇ ခုနှစ်က သိမ်းဆည်းခဲ့ပြီး မီးရထားလမ်းစီမံကိန်းကို ၂၀၁၀ ခုနှစ်ခန့်က စတင်ခဲ့ခြင်း ဖြစ်သည်။