မြန်မာ့ဆန်စျေးကွက် တရုတ် အားမကိုးဘဲ ဥရောပနှင့်အာဖရိကအထိ ချဲ့ထွင်ရန် တိုက်တွန်း

မြန်မာ့ဆန်စျေးကွက် တရုတ် အားမကိုးဘဲ ဥရောပနှင့်အာဖရိကအထိ ချဲ့ထွင်ရန် တိုက်တွန်း

မန္တလေး၊ ဖေဖော်ဝါရီ ၉ ။           ။ နယ်စပ်ကုန်သွယ်ရေးမှာ တရုတ်နိုင်ငံတစ်ခုတည်းကို အားမကိုးဘဲ ဥရောပနှင့်အာဖရိကနိုင်ငံများအထိ ဆန်စျေးကွက် ရှာဖွေချဲ့ထွင်ရန် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က တိုက်တွန်းပြောကြားလိုက်သည်။

ဖေဖော်ဝါရီလ ၉ ရက်၊ နံနက် ၉ နာရီက မန္တလေးကွန်ဗန်းရှင်းစင်တာတွင် ပြုလုပ်နေသည့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေညီလာခံနှင့်နှစ်ပတ်လည်အထွေထွေအစည်းအဝေး၌ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်နှင့် မန္တလေးတိုင်းဒေသကြီးမှ ဆန်စပါးလုပ်ငန်းလုပ်ကိုင်နေသူများကို တိုက်တွန်းပြောကြား လိုက်ခြင်း ဖြစ်သည်။

"နယ်စပ်ကုန်သွယ်ရေးမှာ တရုတ်ကိုချည်း အားမကိုးမနေဘဲ ရန်ကုန်အထိ သွားပြီး ရန်ကုန်၊ မန္တလေး စျေးကွက် တွေ ချဲ့ထွင်ပြီးတော့ စဉ်းစားရမဲ့ အချိန်တန်ပြီလို့ ထင်ပါတယ်။ စျေးကွက် တစ်ကွက်တည်းကို မှီတင်း နေထိုင်ရတာ၊ ကျွန်တော်တို့မှာ တခါတရံ အခက်အခဲအကြပ်အတည်း တွေ့ပါတယ်။ ဒါကြောင့်မို့ ဆန်စပါး စျေးကွက် ဆက်ရှာဖို့လိုပါမယ်။ ဥရောပ၊ အာဖရိကအထိ ရှာဖို့ လိုပါတယ်။"ဟု ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားသည်။

ထိုသို့ စျေးကွက်များ ရှာဖွေနိုင်ရန်အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ကူညီပေးရန်လိုသလို အစိုးရအဖွဲ့အနေဖြင့်ကလည်း ဥပဒေနှင့်အညီ ကူညီဆောင်ရွက်ပေးသွားမည်ဟုလည်း ဝန်ကြီးချုပ်က ဆိုသည်။

ဆန်စပါးစျေးကွက် နိုင်ငံတကာသို့ ရှာဖွေနိုင်ရန်အတွက် အရည်အသွေး စံနှုန်းမီရန် လုပ်ဆောင်ရန် လိုကြောင်း လည်း ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။

မြန်မာ့ဆန်စပါးအနေဖြင့် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အဓိကအားဖြင့် တင်ပို့နေပြီး လက်ရှိဘဏ္ဍာနှစ် တွင် ပြည်ပဆန်တင်ပို့မှု တန် ၂ သန်း နီးပါး လျာထားသည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။ 

နယ်စပ်ကုန်သွယ်ရေးတွင် တရုတ်နိုင်ငံဘက်သို့ ဆန်စပါးသာမက ဖရဲ၊ သခွား၊ သကြားတို့ကို မြန်မာဘက်မှ အဓိကထား တင်ပို့နေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly