ဝန်ကြီးများရုံးအတွင်းပြုလုပ်မည့် ညစျေးပွဲတော်ကို ရက်အကန့်အသတ်မရှိရွှေ့ဆိုင်း

ဝန်ကြီးများရုံးအတွင်းပြုလုပ်မည့် ညစျေးပွဲတော်ကို ရက်အကန့်အသတ်မရှိရွှေ့ဆိုင်း
Photo-Signature Night Market

ရန်ကုန် ၊ ဖေဖော်ဝါရီ ၉ ။          ။  ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသည့် ဝန်ကြီးများရုံးအတွင်း၌ ပြုလုပ်ကျင်းပမည့် အမေရိကန်-မြန်မာ ရိုးရာ အစားအစာပွဲတော် (Night Fest at the secretarait) ကို အချိန်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်သည်ဟု ပွဲစီစဉ်သူများဘက်က ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

 နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိသော ကိုလိုနီအဆောက်အအုံတစ်ခုလည်းဖြစ်သည့် ဝန်ကြီးများရုံးအတွင်း၌ ညဈေးတန်း ပွဲတော်ပြုလုပ်ခြင်းအပေါ် ပြည်သူများက ဝေဖန်မှုများရှိခဲ့ပြီးနောက် ပွဲအစီအစဉ်အား ရွှေ့ဆိုင်းသည့် ထုတ်ပြန်ချက် ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။

 ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးများလုပ်ကြံခံခဲ့ရသည့် ဝန်ကြီးများရုံးသည် အများပြည်သူများ အလွယ်တကူ ဝင်ရောက်နိုင်ရန် ခက်ခဲသည့် နေရာလည်းဖြစ်ပြီး အဆိုပါရုံးဝန်းအတွင်း၌ အမေရိကန်နှင့် မြန်မာပူးပေါင်းတင်ဆက်သော ယဉ်ကျေးမှုဖလှယ်သည့်ပွဲအဖြစ် Night Market ပြုလုပ်မည်ဟု ကြေညာခဲ့ခြင်းကြောင့် အဆောက်အဦများ ထိခိုက်ပျက်စီးမည်ကို စိုးရိမ်ကြောင်း ပြည်သူများအကြား ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

 “လူအများ၏ ဝေဖန်အကြံပြုချက်ကို လေးစားစွာ တုံ့ပြန်သောအားဖြင့် ရန်ကုန်မြို့ရှိ ဝန်ကြီးများရုံးတွင် ကျင်းပပြုလုပ်မည့် Night Fest ပွဲတော်ကို အချိန်အကန့်အသတ်မရှိ ရွေ့ဆိုင်းလိုက်ပြီ ဖြစ်ပါသည်” ဟု ပွဲစီစဉ်သူများဘက်မှ ထုတ်ပြန်သည့် ကြေညာချက်တွင် ရေးသားဖော်ပြထားသည်။

Night Market ပွဲတွင် အမေရိကန်ဘက်မှ နာမည်ကြီးဆိုင်များဖြစ်သည့်  Hard Rock, Novotel နှင့် Park Royal အစရှိသည့် နာမည်ကြီးဆိုင်များ၊ California ဝိုင်မျိုးစုံ၊ Italy ဝိုင်မျိုးစုံ၊ Cheese မျိုးစုံ နှင့် မြန်မာဘက်မှ မြန်မာ့ရိုးရာခေါင်ရည်နှင့် အစားအသောက်များကို ခင်းကျင်းပြသသွားမည်ဖြစ်သည်။

 ယင်းအပြင် နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်သည့်အနေဖြင့် အမေရိကန်ဘက်မှ Hard Rock Band နှင့် မြန်မာ ဘက်မှ ရိုးရာ ဆီမီးခွက်၊ရုပ်သေး အကအလှများ၊ မြန်မာ နာမည်ကြီးအဆိုတော်များ၏ ဖျော်ဖြေမှုများလည်း ပါဝင်မည်ဟု ပွဲစီစဉ်သူက ဆိုသည်။

 ပွဲတော်ရက်ကို ဖေဖော်ဝါရီ ၁၁ နှင့် ၁၂ ရက်နေ့ နှစ်ရက်တာ ပြုလုပ်သွားမည်ဟု သတ်မှတ်ထားပြီး ညနေ ၄ နာရီမှ ည ၁၀ နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း၊  လက်မှတ်များကို တစ်စောင်လျှင် ၅၀၀၀ ကျပ် သတ်မှတ်ထားပြီး နိုင်ငံခြားသားများကို ၁၀ ဒေါ်လာသတ်မှတ်ထားကာ လက်မှတ်အစောင်ရေ ၅၀၀၀ အထိသာ ရောင်းချသွားမည်ဖြစ်မည်ဖြစ်သည်။

 ယခုမူ ပွဲရွှေ့ဆိုင်းလိုက်ခြင်းကြောင့် လက်မှတ် ဝယ်ယူထားသူများအတွက် ကျသင့်ငွေကို ပြန်လည် ထုတ်ပေးခြင်း၊ ပွဲတော်တွင် ဈေးရောင်းချမည့် သူများ နှင့် မိတ်ဖက် ကုမ္ပဏီများ အတွက်လည်း ပွဲဖြစ်မြောက်ရေး အဖွဲ့များနှင့် Signature Night Market Event Planning Company တို့ က လိုအပ်သည့် ရှင်းလင်းမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 ယင်းအပြင် ဝန်ကြီးများရုံးဘက်မှ အများပြည်သူ၏ ဝေဖန်အကြံပြုချက်များကို အလေးပေး ထည့်သွင်း စဉ်းစား ပေးသွားမည် ဖြစ်ကာ နောက်ပိုင်းတွင် ဝန်ကြီးများရုံးတွင် ပြုလုပ်မည့် အခမ်းအနားများကို နိုင်ငံတော် ခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်ပြီး ရန်ကုန်မြို့သူ မြို့သားများအတွက် အလွယ်တကူ တက်ရောက်နိုင်သည့် အဓိပ္ပာယ်ပြည့်ဝသော အခမ်းအနားများနှင့် ပြပွဲအတွေ့အကြုံများရရှိနိုင်ရန် ဆောင်ရွက်သွားမည်ဟု  ကြေညာချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly