ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီ ဖွဲ့စည်းရန် ထပ်မံဆွေးနွေးရမည်

ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီ ဖွဲ့စည်းရန် ထပ်မံဆွေးနွေးရမည်

နေပြည်တော်၊ ဖေဖော်ဝါရီလ ၈ ရက်၊ ။              ။ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ကို ပြင်ဆင်ရေးလုပ်ငန်းများကို ဆောလျင်စွာ လုပ်ဆောင်နိုင်ရန်အတွက် ပူးပေါင်းကော်မတီတစ်ရပ်ကို အဖွဲ့ဝင် ၄၅ ဦးဖြင့် စတင်ဖွဲ့စည်းရန် ယနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ညှိနှိုင်းအစည်းအဝေးပြုလုပ်ရာ၌ အတည်ပြုချက် မရရှိခဲ့သောကြောင့် ဆက်လက်ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယနေ့ လွှတ်တော်တွင်းရှိ ဇမ္ဗူသီရိခန်းမဆောင်၌ ကျင်းပပြုလုပ်သည့် ပြင်ဆင်ရေးပူးပေါင်းကော်မတီဖွဲ့စည်းရန် ညှိနှိုင်းအစည်းဝေးသို့ အာဏာရပါတီ NLD၊ ပြည်ခိုင်ဖြိုးပါတီ၊ တပ်မတော်သားကိုယ်စားလှယ်၊ ၀ ဒီမိုကရက်တစ် ပါတီ၊ ပအိုဝ်းအမျိုးသားဖွဲ့ချုပ်ပါတီ၊ ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်၊ တအာင်း(ပလောင်) အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားပါတီ၊ ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ၊ မွန်အမျိုးသားပါတီ၊ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ကချင်ပြည်နယ်ဒီမိုကရေစီ ပါတီနှင့် လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့မှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ ပူးပေါင်းကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းထွန်းဟိန်၊ ဒုတိယဥက္ကဋ္ဌအဖြစ် အမျိုးသားလွှတ်တေ်ာ ဒုဥက္ကဋ္ဌ ဦးအေးသာအောင်က တာဝန်ယူမည်ဖြစ်ကာ ကျန်အဖွဲ့ဝင် များအဖြစ် အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ် ၂၁ ဦးနှင့် ပြည်သူ့လွှတ်တော်မှ ကိုယ်စားလှယ် ၂၂ ဦးတို့ ပါဝင်မည်ဖြစ်သည်။

နိုင်ငံရေးအရ အရေးကြီးသည့် ဖွဲ့စည်းပုံပြင်ရေးကော်မတီဖွဲ့ရန် ဖြစ်သည့်အတွက် မျှတရန် လိုကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပျော်ဘွယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦသောင်းအေးက ပြောသည်။

“အဲဒီတော့ အင်အားချင်း မျှတဖို့လိုတယ်။ အဲ့တာကြောင့်မို့လို့ ငါးယောက်ကို စံထားမလား ၊ ၁၀ ယောက်ကို စံထားမလား။ အဲဒီတော့ ၁၀ ယောက်ကို စံထားရင်လည်းပဲ ၁၀ ယောက်ထက် ပိုတဲ့လူလည်း ၁၀ ယောက်ပဲ။ ၁၀ ယောက်ရှိတဲ့လူလည်း ၁၀ ယောက်ပဲ ။ ၁၀ အောက် ရှိတဲ့လူတွေကလည်း ၉ ယောက်ရှိလည်း ၉ ယောက် လုံးတက်၊ ၈ ယောက်ရှိရင် ၈ ယောက်လုံးတက်၊ ၁ ယောက်ရှိရင် ၁ ယောက်တက်၊ ဒီမူ မကောင်းဘူးလား လို့ ဒီလိုအကြံပြုတာပါ။ ဒီဟာနဲ့ပတ်သတ်လို့တော့ မဆုံးဖြတ်သေးပါဘူး။ အဲဒီတော့ ပြန်ပြီးတော့ ကိုယ့်ပါတီနဲ့ ကိုယ် ဆွေးနွေးပြီးတော့ ဆုံးဖြတ်ပါလို့ ဒီလိုပြောထားပါတယ်”ဟု ၄င်းက ယနေ့အစည်းအဝေးနှင့် ပတ်သက်ပြီး ပြောသည်။

အဆိုပါ ကော်တီမှ အဖွဲ့ဝင်များကို လွှတ်တော်တွင်းရှိ နိုင်ငံရေးပါတီ ၁၄ ခု၊ တပ်မတော်သားကိုယ်စားလှယ်များ နှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များဖြင့် အချိုးကျပါဝင်ဖွဲ့စည်းသွားရန် ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းရန် ညှိနှိုင်းသည့် ယနေ့ အစည်း အဝေးတွင်း ထိုကဲ့သို့ အဖွဲ့ဝင် ၄၅ ဦးဖြင့် ဖွဲ့စည်းရန် အတည်ပြုချက် မရရှိခဲ့သည့်အတွက် လာမည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ထပ်မံဆွေးနွေးသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly