မြန်မာရေပိုင်နက်အတွင်း ငါးဖမ်းလှေနှင့်အတူ အင်ဒိုနီးရှားနိုင်ငံသား ၂၃ ဦးကို ဖမ်းမိ

မြန်မာရေပိုင်နက်အတွင်း ငါးဖမ်းလှေနှင့်အတူ အင်ဒိုနီးရှားနိုင်ငံသား ၂၃ ဦးကို ဖမ်းမိ
ဓာတ်​ပုံ- ပြည်​ထဲ​ရေး

ရန်ကုန်၊ ဖေဖော်ဝါရီလ ၈ ။         ။ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ သံကျွန်းအနောက်ဘက် ရေမိုင် (ရဝ) ခန့် အကွာရှိ မြန်မာ့ ရေပိုင်နက်၌ ငါးခိုးဖမ်းနေသောလှေနှင့်အတူ အင်ဒိုနီးရှားနိုင်ငံသား ၂၃ ဦးကို လက်ရှိတွင် ဖမ်းဆီးအရေးယူ ထားပြီ ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

ဖမ်းဆီးရမိသူများမှာ ငါးဖမ်းလှေပဲ့နင်းဖြစ်သူ အသက် ၃၄ နှစ်အရွယ် အင်ဒိုနီးရှားနိုင်ငံသား ဇုလ်ဖာဒ်လီ အပါ အဝင် အေဒီရာယုမြို့ အာချေတီမောရ်ပြည်နယ် အင်ဒိုနီးရှားနိုင်ငံနေသူပါ အမျိုးသား ၂၃ ဦးတို့ဖြစ်ပြီး ၎င်းတို့ အား KM TROYA စာတမ်းပါ အလျား ၆၂ ပေ၊ အနံ ၁၈ ပေ၊ ရေစူး ၇ ပေခန့်ရှိ ၆ လုံးထိုး ငါးဖမ်းစက်လှေ ၁ စီး နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ဖေဖော်ဝါရီလ ၈ ရက်နေ့၊ မွန်းလွဲပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

 အဆိုပါ အင်ဒိုနီးရှားနိုင်ငံသား ၂၃ ဦး လိုက်ပါလာသည့် ငါးဖမ်းလှေကို ဖေဖော်ဝါရီလ ၆ ရက်၊ နံနက် ၁ဝ နာရီ၊ ၂ဝ မိနစ်ခန့်က ကော့သောင်းမြို့နယ်၊ အမှတ်(၅၈)ရေတပ်စခန်းဌာနချုပ် (ဇာဒက်ကြီးကျွန်း) မှ စစ်ရေယာဉ် (၅၅၈) ဖြင့် လှည့်ကင်းဆောင်ရွက်နေစဉ် တွေ့ရှိဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ၎င်းတို့ ၂၃ ဦးအား တပ်မတော်မှ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံလိုက်ပြီး ကော့ သောင်းမြို့မရဲစခန်းတွင် (ပ)၃၄ဝ/၂ဝ၁၉၊ နိုင်ငံခြားငါးဖမ်းရေယာဉ်များ ငါးလုပ်ငန်းလုပ်ကိုင်ခွင့် ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ- ၃၈(က)(ခ)ဖြင့် အမှုဖွင့်စစ်ဆေးလျှက်ရှိသည်။

 ဖမ်းဆီးရမိထားသည့် အင်ဒိုနီးရှားနိုင်ငံသားများမှာ မြန်မာ့ ရေပိုင်နက်အတွင်းသို့ တရားမဝင် ဝင်ရောက်ပြီး ငါးခိုးဖမ်းခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly